အခုအချိန်မှာ TikTok အစားထိုးအသုံးပြုသင့်တဲ့ Application တွေအများအပြားရှိနေပြီဖြစ်သလို အဲ့ဒီထဲက အခုနောက်ပိုင်းမှာ အောင်မြင်လာတာကတော့ YouTube Shorts ပဲဖြစ်ပါတယ်။ ပုံမှန် YouTube Video ပုံစံမဟုတ်ဘဲ TikTok လိုမျိုး Vertical Video အတိုတွေက TikTok အစားထိုးအကောင်းဆုံး သုံးစွဲစရာဖြစ်လာပါတယ်။ လောလောဆယ်မှာ YouTube App ထဲမှာလည်း ကြည့်ရှုနိုင်တာကလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။

အခုလည်း TikTok ကို အသုံးများတဲ့အကြောင်းအရင်းတစ်ခုဖြစ်တဲ့ တခြားသောအသုံးပြုသူတွေဆီက Audio Sample ကို ယူသုံးနိုင်တဲ့ Feature ကို YouTube Shorts မှာ ထည့်သွင်းပေးလိုက်ပါပြီ။ အဲ့ဒီအတွက် YouTube Shorts ကို အသုံးပြုသူတွေအနေနဲ့ နှစ်သက်ရာ YouTube Video တစ်ခုခုရဲ့ Audio Sample ကို ရယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

လောလောဆယ်မှာ အဆိုပါ Feature ကို UK ၊ Canada နဲ့ Latin America နိုင်ငံတွေဖြစ်တဲ့ Argentina Brazil ၊ Chile ၊ Mexico ၊ Colombia ၊ Peru နဲ့ Venezuela နိုင်ငံတွေမှာ စတင်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ YouTube-sampling Tool ကို US နဲ့ တခြားသော နိုင်ငံတွေမှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

YouTube Shorts ဟာ အခုအချိန်မှာ လိုင်စင်ရယူထားတဲ့သီချင်းတွေနဲ့ တခြားသော Shorts Video တွေထဲက Audio Sample တွေကို အသုံးပြုနိုင်ပေမယ့် အခုလိုမျိုး ကြိုက်တဲ့ YouTube Video က Audio ကို အသုံးပြုနိုင်မယ်ဆိုတာက တကယ်ကို ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာတော့ YouTube Creator တွေဘက်က ဒီလိုမျိုး YouTube Shorts အသုံးပြုသူတွေက တခြား Creator တွေရဲ့ Audio Sample ကို ရယူနိုင်တာက တရားဝင်ခိုးယူတာဖြစ်တယ်ဆိုပြီး ပြန်လည်ဝေဖန်နေကြပါတယ်။

ဒါကိုလည်း YouTube ဘက်ကနေ YouTube Shorts မှာ ပေးမသုံးစေချင်တဲ့သူတွေအတွက် ဖြုတ်ထားနိုင်တဲ့ Option တစ်ခုကို ထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် Video တစ်ခုအတွက် တစ်ကြိမ်၊ Video တိုင်းအတွက် တစ်ခုစီလိုက်ပြီးဖြုတ်ထားရမှာဖြစ်တဲ့အတွက် Channel မှာရှိတဲ့ Video အကုန်လုံးကို Select မှတ်ပြီး ဖြုတ်ထားနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်ဆိုပြီး ပြန်လည်ပြောကြားထားပါတယ်။

ဘာပဲဖြစ်ဖြစ် ယခင်တုန်းက TikTok ရဲ့ ပြိုင်ဘက်တွေလိုပြောရမယ့် Facebook Lasso နဲ့ Instagram Reels တွေထက်တော့ YouTube Shorts က ပိုပြီးအောင်မြင်နေပြီဖြစ်ပါတယ်။

Ref – The Verge