Apple ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက iPhone 12 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးတော့ အဓိကပြောင်းလဲမှုအနေနဲ့ Charger နဲ့ EarPods တွေကို ဘူးခွံထဲကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအစား USB-C to Lightning Cable ကိုပဲ ထည့်သွင်းထားခဲ့တာလည်းဖြစ်ပါတယ်။

Apple ကနေ အခုလိုမျိုး ပြုလုပ်ခဲ့တဲ့အတွက် အသုံးပြုသူတွေကြားမှာ တော်တော်လေးကို ဝေဖန်မှုတွေခံခဲ့ရပြီး တကယ်လို့ iPhone 12 Series တွေအတွက် 20W USB-C Charger ကို အသုံးပြုချင်တယ်ဆိုရင် Apple ဆီကနေ ဒေါ်လာ ၂၀ ဝန်းကျင်ပေးပြီး ဝယ်ယူရမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ဆီမှာ 20W နဲ့အထက် USB-C PD Charger ရှိပြီးသားဆိုရင်တော့ ဝယ်ယူစရာမလိုဘဲ အသုံးပြုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ Xiaomi ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ZMI ကနေ Apple ရဲ့ 20W USB-C Charger ထက် ၄ ပုံ ၁ ပုံပဲ တန်ဖိုးရှိတဲ့ 20W USB-C Charger ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ ZMI 20W USB-C Charger ဟာ တန်ဖိုးအနေနဲ့ ၃၉ ယွမ် (မြန်မာငွေ ၇,၅၀၀ ကျပ်ဝန်းကျင်) ပဲကျသင့်မှာဖြစ်ပြီး လက်ရှိအချိန်မှာ စျေးအသက်သာဆုံး 20W USB-C PD Charger လည်းဖြစ်လာမှာပါ။

ZMI ရဲ့ ပြောကြားချက်အရတော့ အဆိုပါ 20W USB-C PD Charger ဟာ PD 3.0 ၊ QC 3.0 ၊ FCP Charging Protocol တွေကိုပါ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone 12 Series တွေတင်မဟုတ်ဘဲ Xiaomi Mi 10 ၊ Huawei Mate 30 Series လိုမျိုးဖုန်းတွေအတွက်ပါ Fast Charging ကို အသုံးပြုနိုင်မှာပါ။ အလေးချိန်အနေနဲ့လည်း 42.8g ပဲရှိမှာဖြစ်တဲ့အတွက် အလွယ်တကူသယ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone 12 Series တွေအတွက် 20W USB-C Charger ကို စျေးသက်သက်သာသာနဲ့ ဝယ်ယူချင်တဲ့သူတွေအတွက်ကတော့ ZMI 20W USB-C PD Charger က အသင့်တော်ဆုံးဖြစ်မှာပါ။

Ref – Gizmo China