ZTE က စက်တင်ဘာလမှာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Axon 20 5G ကို ကြေညာခဲ့ပါတယ်။ အခုတော့ ဒီထက်လန်းတဲ့ Axon 20 5G Extreme Edition လာဦးမယ်လို့ သတင်းပေးလိုက်ပါတယ်။ ZTE ရဲ့ Teaser ဓါတ်ပုံမှာ လိမ္မော်ရောင် မော်ဒယ်ကို မြင်ရပြီး အနောက်ဘက်မှာ Axon စာသားကို ခပ်ကြီးကြီး ရေးထားပါတယ်။

ZTE Axon 20 5G Extreme Edition

ZTE က Axon 20 5G Extreme Edition ရဲ့ Specs တွေကို အရိပ်အမြွက်တောင် မပြောသေးပါဘူး။ ရိုးရိုး မော်ဒယ်နဲ့ ဘာတွေ ကွဲပြားသွားမလဲဆိုတာလည်း မသိရသေးပါဘူး။

ZTE Axon 20 5G

အဲဒီအတွက် ရိုးရိုး မော်ဒယ်ရဲ့ Specs တွေကို ပြန်ပြောပြချင်ပါတယ်။ ရိုးရိုး မော်ဒယ်မှာ ၆.၉၂ လက်မ 90Hz FullHD+ OLED မျက်နှာပြင် တပ်ဆင်ထားပြီး အပေါ်မှာ ပြောခဲ့သလိုပဲ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပြီး အနောက်ဘက်မှာ 64MP , 8MP Ultrawide, 2MP Depth နဲ့ 2MP Macro ကင်မရာတွေ ထည့်ထားပါတယ်။ Snapdragon 765G Chipset မောင်းနှင်ထားပြီး 30W Fast Charging ပါတဲ့ 4,220mAh ဘက်ထရီ ပါလာပါတယ်။ USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပြီး မိနစ် ၃၀ အတွင်းမှာ ၆၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

Android 10 အခြေပြု MiFavor 3.5 မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ပါပါတယ်။ Biometric Authentication အတွက် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Ref : gsmarena