Meta CEO ဇူဇူ က လာမယ့်နှစ်တွေမှာ မျက်မှန်တွေဟာ သုံးစွဲသူတွေ AI နဲ့ အပြန်အလှန်ဆက်သွယ်ဖို့ အဓိကနည်းလမ်းဖြစ်လာမယ်ဆိုတဲ့ ပြောကြားခဲ့ပါတယ်။ သူက အနာဂတ်မှာ AI မျက်မှန်မရှိတဲ့သူတွေဟာ အားနည်းချက်တစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သူယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
“မျက်မှန်တွေဟာ AI အတွက် အကောင်းဆုံး ပုံစံဖြစ်လာမယ်လို့ ကျွန်တော် ဆက်ပြီးတွေးမြင်မိပါတယ်၊ ဘာလို့လဲဆိုတော့ သင်တစ်နေ့တာလုံး မြင်နေရတာကို AI က မြင်ခွင့်ရမယ်၊ သင်ကြားနေရတာကို ကြားခွင့်ရမယ်၊ ပြီးတော့ သင့်ကို စကားပြန်ပြောနိုင်မှာမို့လို့ပါ” လို့ ဇူဇူ က ပြောကြားခဲ့ပါတယ်။ အဲဒီမျက်မှန်တွေမှာ display တစ်ခုထည့်လိုက်ရင် တန်ဖိုးပိုတက်လာမယ်၊ Meta ရဲ့ နောက်မျိုးဆက် Orion AR မျက်မှန်တွေလိုမျိုး ကျယ်ပြန့်တဲ့ holographic မြင်ကွင်းဖြစ်စေ၊ နေ့စဉ်သုံး AI မျက်မှန်တွေမှာ ပါလာနိုင်တဲ့ display အသေးလေးဖြစ်စေ တန်ဖိုးရှိလာမှာပါလို့ သူက ဆိုပါတယ်။
“အနာဂတ်မှာ AI ပါတဲ့ မျက်မှန်မရှိဘူးဆိုရင်၊ ဒါမှမဟုတ် AI နဲ့ ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုခုမရှိဘူးဆိုရင်၊ တခြားသူတွေနဲ့ယှဉ်ရင် သင်ဟာ သိမြင်မှုပိုင်းဆိုင်ရာမှာ တော်တော်လေး အားနည်းချက်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်” လို့ ဇူဇူ က ထပ်လောင်းပြောပါတယ်။
Meta ဟာ Ray-Ban Meta မျက်မှန်တွေနဲ့ မကြာသေးမီက ထွက်ရှိခဲ့တဲ့ Oakley Meta မျက်မှန်တွေလိုမျိုး စမတ်မျက်မှန်တွေ တည်ဆောက်ရေးကို အာရုံစိုက်နေခဲ့တာပါ။ အဲဒီမျက်မှန်တွေက သုံးစွဲသူတွေကို သီချင်းနားထောင်ခွင့်၊ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုရိုက်ခွင့်ပေးပြီး၊ သူတို့မြင်နေရတဲ့အရာတွေအကြောင်း Meta AI ကို မေးခွန်းတွေမေးနိုင်စေပါတယ်။ ဒီလို ဝတ်ဆင်နိုင်တဲ့ ပစ္စည်းတွေဟာ ကုမ္ပဏီအတွက် မထင်မှတ်ထားတဲ့ အောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပြီး Ray-Ban Meta မျက်မှန်တွေက ရတဲ့ဝင်ငွေဟာ တစ်နှစ်ထက်တစ်နှစ် သုံးဆကျော်တက်လာခဲ့တယ်လို့ မျက်မှန်လုပ်ငန်းကြီးဖြစ်တဲ့ EssilorLuxottica က ပြောပါတယ်။
ဒါပေမဲ့ ဇူဇူ က display တွေနဲ့ ပတ်သက်ပြီး လုပ်စရာတွေ အများကြီးကျန်သေးတယ်လို့ ယုံကြည်နေပါတယ်။
“ဒါက ကျွန်တော်တို့ Reality Labs မှာ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၁၀ နှစ်အတွင်း အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေခဲ့တဲ့ အရာပါပဲ၊ အခြေခံအားဖြင့်တော့ ဒီလို မတူကွဲပြားတဲ့ အရာအားလုံးအပေါ်မှာ သုတေသနလုပ်နေခဲ့တာပါ” လို့ သူက ပြောပါတယ်။
လောလောဆယ်မှာတော့ မျက်မှန်တွေဟာ လူတော်တော်များများက တပ်ဆင်နေကြပြီး လူမှုပတ်ဝန်းကျင်မှာ ပိုလက်ခံနိုင်တဲ့ပုံစံဖြစ်နေလို့ အဓိပ္ပာယ်အရှိဆုံးလို့ ထင်ရပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က စမတ်ဖုန်းတွေကို အိပ်မက်မမက်ခင်အထိတော့ ကမ္ဘာကြီးက စမတ်ဖုန်းတွေ လိုအပ်မှန်း မသိခဲ့ပါဘူး။ နောက်ထပ်ထွက်လာမယ့် AI ပစ္စည်းဟာ ကျွန်တော်တို့ အခုချိန်ထိ စိတ်ကူးတောင် မယဉ်နိုင်သေးတဲ့ အရာတစ်ခု ဖြစ်နေနိုင်ပါတယ်။
ဒါပေမဲ့ ဇူဇူ ကတော့ မျက်မှန်တွေဟာ အဓိကဖြစ်လာမယ်ဆိုတဲ့ အတွေးအခေါ်ကိုပဲ အားပေးနေပါတယ်။
“မျက်မှန်တွေရဲ့ နောက်ထပ်ကောင်းတဲ့အချက်ကတော့ ရုပ်ပိုင်းဆိုင်ရာကမ္ဘာနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကို ပေါင်းစပ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်လာမှာပါ” လို့ သူက ပြောပါတယ်။ “ဒါကြောင့် Metaverse ရဲ့ မျှော်မှန်းချက်တစ်ခုလုံးဟာ အဆုံးမှာတော့ အရမ်းကို အရေးပါလာမှာဖြစ်ပြီး AI က အဲဒါကို ပိုပြီး အရှိန်မြှင့်ပေးသွားမှာပါ” လို့ သူက ဆိုပါတယ်။
Ref : Tech Crunch