Apple ဟာ iPhone အသုံးပြုသူတွေအတွက် သူတို့ရဲ့ Passport တွေကို ဒစ်ဂျစ်တယ်ပုံစံနဲ့ လုံလုံခြုံခြုံ သိမ်းဆည်းအသုံးပြုနိုင်မယ့် Feature အသစ်တစ်ခုကို Apple Wallet app မှာ မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ အခု အစီအစဉ်အရ အမေရိကန်နိုင်ငံက ထုတ်ပေးထားတဲ့ Passport တွေကို Wallet ထဲမှာ ထည့်သွင်းနိုင်တော့မှာဖြစ်ပြီး ဒါဟာ ခရီးသွားလာခြင်းနဲ့ သက်သေခံစစ်ဆေးခြင်းတွေကို ပိုမိုမြန်ဆန်လွယ်ကူစေမှာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက် မျက်နှာနဲ့ လက်ဗွေကို အသုံးပြုတဲ့ biometric authentication စနစ်တွေနဲ့ အဆင့်မြင့် ကုဒ် နည်းပညာတွေကို ပေါင်းစပ်ထားပါတယ်။ သုံးစွဲသူတစ်ယောက်က သူ့ရဲ့ Passport အချက်အလက်ကို မျှဝေဖို့ လိုအပ်လာတဲ့အခါတိုင်း Face ID ဒါမှမဟုတ် Touch ID နဲ့ အရင်ဆုံး အတည်ပြုချက်ပေးရမှာပါ။ ဒီလိုလုပ်ဆောင်ချက်ကြောင့် ဖုန်းပျောက်ဆုံးသွားရင်တောင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဒါဟာ လက်ထဲမှာ အလွယ်တကူ ပျောက်ဆုံးနိုင်တဲ့ Passport စာအုပ်အစစ်ထက် ပိုပြီးလုံခြုံပါတယ်။

Apple ဟာ အရင်ကတည်းက အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ချို့မှာ ယာဉ်မောင်းလိုင်စင်တွေနဲ့ ပြည်နယ် သက်သေခံကတ်ပြားတွေကို Apple Wallet ထဲမှာ ထည့်သွင်းအသုံးပြုခွင့် ပေးထားပြီးသား ဖြစ်ပါတယ်။ အခု Passport ပါ ထပ်တိုးလိုက်တာကြောင့် သုံးစွဲသူတွေဟာ အရေးကြီးတဲ့ သက်သေခံကတ်ပြားအားလုံးနီးပါးကို သူတို့ရဲ့ iPhone ထဲမှာပဲ လုံခြုံစွာ စုစည်းထားနိုင်တော့မှာပါ။
ဒီ Feature ကိုစတင်အသုံးပြုနိုင်မယ့် အတိအကျနေ့ရက်ကို မကြေညာသေးပေမယ့် မကြာခင်မှာ ထွက်ရှိလာဖို့ မျှော်လင့်ရပါတယ်။ အစပိုင်းမှာတော့ အမေရိကန်ပြည်တွင်းက လေဆိပ်တစ်ချို့နဲ့ သက်ဆိုင်ရာဌာနတွေမှာပဲ စတင်အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒီစနစ်ဟာ ခရီးသွားတွေအတွက် အချိန်ကုန်သက်သာစေပြီး အဆင်ပြေချောမွေ့စေတာကြောင့် နောင်မှာ နိုင်ငံတကာခရီးစဉ်တွေအထိပါ ကျယ်ပြန့်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
Ref : 9to5Mac
 
											
				 
									 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				