Apple ဟာ လာမဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်မဲ့ iPhone 14 စီးရီးအတွက် မျက်နှာပြင်တင်ပို့မှုကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဈေးကွက်လေ့လာသုံးသပ်သူတွေရဲ့ အဆိုအရ Samsung Display ဟာ လွန်ခဲ့တဲ့ သုံးလတာကာလအတွင်း Apple ဆီတင်ပို့မှုရဲ့ ၈၀% ကျော်ကို အာမခံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Apple ဟာ iPhone 14 စီးရီးအတွက် Samsung, LG Display နဲ့ တရုတ်ရဲ့ BOE အပါအဝင် သူ့ရဲ့ ပေးသွင်းသူတွေဆီက Panel ပေါင်း ၃၄ သန်း ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ဇွန်လမှာ iPhone 14 panel အချပ်ရေ ၁.၈ သန်း၊ ဇူလိုင်လမှာ ၅.၃၅ သန်းနဲ့ သြဂုတ်လမှာ ၁၀ သန်းနဲ့အထက်ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ လာမဲ့ စက်တင်ဘာလထဲမှာလည်း နောက်ထပ် Panel ပေါင်း ၁၆.၅ သန်းကို မှာကြားဖို့ မျှော်လင့်ထားပါတယ်။ လာမဲ့ iPhone 14 စီးရီးမှာ မော်ဒယ်လေးမျိုးပါဝင်မှာဖြစ်ပြီး အများစုအတွက် အဓိကမျက်နှာပြင်ထောက်ပံ့သူဟာ Samsung Display ဖြစ်လာပါလိမ့်မယ်။ Apple ဟာ လွန်ခဲ့တဲ့ သုံးလအတွင်း iPhone 14 panel ပေါင်း ၁၅ သန်းကျော်ကို မှာယူခဲ့တာကြောင့် ဇွန်လကနေ သြဂုတ်လအတွင်း iPhone 14 panel အမှာစာတွေရဲ့ ၈၂% ကို Samsung Display က ပေးသွင်းခဲ့ရတယ်လို့ သိရပါတယ်။

LG Display ကတော့ အမှာစာတွေရဲ့ ၁၂% ကို တာဝင်ယူခဲ့ရပါတယ်။ LG ဟာ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် သူ့ရဲ့ထုတ်လုပ်မှုစွမ်းရည်ဟာ Apple ရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်ဘဲဖြစ်နေရပါတယ်။ BOE ကတော့ iPhone 14 panel အမှာစာအားလုံးရဲ့ ၆% ကို ရယူပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
BOE panel တွေဟာ Samsung, LG တို့ထက် ဈေးနှုန်းသက်သာတာကြောင့် Apple ဟာ ဈေးနှုန်းချိုသာတဲ့ iPhone မော်ဒယ်တွေမှာ BOE panel တွေကို ဆက်ပြီးအသုံးပြုသွားမယ်လို့ သိရပါတယ်။

Ref: sammobile