Stanford က ဆေးဝါး သုတေသန ပညာရှင်တွေဟာ စမတ်လက်ပတ် ၊ စမတ်နာရီလို ကိရိယာကနေ ကိုရိုနာဗိုင်းရက်စ် ရောဂါ လက္ခဏာတွေကို သိနိုင်တဲ့ နည်းပညာကို ဖန်တီးနေပါတယ်။ လူ့ခန္တာကိုယ်က ဗိုင်းရက်စ်ကို တိုက်ခိုက်တဲ့အချိန်မှာ နှလုံးခုန်နှုန်းနဲ့ အပူချိန် ပြောင်းလဲသွားပါတယ်။ Standford ရဲ့ နည်းပညာက အဲဒီ ပြောင်းလဲမှုကို ခြေရာခံ ထောက်လှမ်းနိုင်ပြီး ဝတ်ဆင်သူကို အသိပေးနိုင်ပါတယ်။

Stanford ရဲ့ ပါမောက္ခ Michael Snyder က အဲဒီ ကိရိယာဟာ ၁ ရက်မှာ တိုင်းတာမှု အနည်းဆုံး ၂၅,၀၀၀ ပြုလုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။ သူက ဒီနည်းပညာဟာ ဗိုင်းရက်စ် ကူးစက်တာကို စောစော သိစေနိုင်မှာ ဖြစ်ပြီး တခြား လူတွေ ကူးစက်တာကို တားဆီးပေးမယ်လို့ ပြောပါတယ်။ ဒီကိရိယာကို တီထွင်ဖို့အတွက် Snyder ရဲ့ အဖွဲ့ဟာ Activity Tracker ကုမ္ပဏီ Fitbit နဲ့ ပူးပေါင်းထားပြီး Google ဟာ Fitbit ကိုပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၂.၁ ဘီလီယမ်နဲ့ ဝယ်ယူထားတာပါ။

Fitbit က ကုမ္ပဏီရဲ့ ထုတ်ကုန် သုံးစွဲသူ သန်း ၃၀ ကျော်ထဲက သုတေသန ပြုလုပ်ဖို့အတွက် ကူညီမယ့် လူတွေကို စုဆောင်းမှာ ဖြစ်ပြီး စမတ်နာရီ ၁ ထောင်ကို လှူဒါန်းမှာ ဖြစ်ပါတယ်။ အဲဒီ ကိရိယာကို ဖန်တီးတဲ့ သုတေသန လုပ်ငန်းမှာ နောက်ထပ် ပါဝင်လာတာက ဇီဝ ဆေးပညာ သုတေသန အဖွဲ့အစည်း Scripps Research ဖြစ်ပြီး ဗိုင်းရက်စ် ကူးစက်တာကို ခြေရာခံရာမှာ Fitbit ကို ကူညီမှာပါ။

Stanford က သုတေသန ပညာရှင်တွေဟာ စမတ်လက်စွပ်၊ စမတ်နာရီတွေ အပါအဝင် ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ၅ ခုကနေ ဒေတာတွေ ကောက်ယူမှာ ဖြစ်ပြီး ပညာရှင်အဖွဲ့ဟာ ကိရိယာ ၁ ခုချင်းစီအတွက် Algorithm အသစ်တွေကို ရေးဆွဲကြမှာပါ။ Snyder က ဒီနည်းပညာဟာ တခြား ရောဂါတွေနဲ့ နောက်ပေါ်လာမယ့် ကပ်ရောဂါတွေကိုပါ စစ်ဆေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Ref : tnw