OnePlus ရဲ့ နောက်ဆုံးမိတ်ဆက်ထားတဲ့ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်း Global မှာ မိတ်ဆက်အပြီး တရုတ်နိုင်ငံမှာပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ တရုတ်နိုင်ငံမှာရောင်းချတဲ့ OnePlus 8 Series ရဲ့ စျေးနှုန်းဟာ Global မှာ ရောင်းချတဲ့စျေးထက် သိသိသာသာကို ပိုပြီးသက်သာနေတာလည်းဖြစ်ပါတယ်။

အဲ့ဒီအတွက် OnePlus 8 Series ဖုန်းတွေကို တရုတ်နိုင်ငံမှာ စစခြင်းရောင်းချတဲ့အချိန်တုန်းကလည်း ယွမ်ငွေ သန်း ၁၀၀ ဖိုးအထိ ရောင်းချရတဲ့အထိကို ရောင်းအားကောင်းနေခဲ့တာပါ။ ဒီလိုမျိုး OnePlus 8 Series ဖုန်းတွေဟာ ဆက်တိုက်ကို ရောင်းအားကောင်းနေတဲ့အပြင် အခုဆိုရင် OnePlus ရဲ့ CEO Pete Lau ကိုယ်တိုင်က တရုတ်နိုင်ငံမှာ ဝယ်လိုအားကိုမလိုက်နိုင်တော့ဘဲ Stock ပြတ်နေပြီလို့တောင် ပြောကြားလိုက်ပါတယ်။

Pete Lau ရဲ့ ပြောကြားချက်အရတော့ အဆိုပါ OnePlus 8 Pro အပြင် OnePlus 8 ဖုန်းပါ လက်ရှိတရုတ်နိုင်ငံမှာရှိတဲ့ အဓိက eCommerce Platform တွေအားလုံးမှာ ရောင်းကုန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ ဒါကလည်း ဝယ်လိုအားက ကုမ္ပဏီကနေ ခန့်မှန်းထားတာထက် အများကြီးပိုနေခဲ့တာကြောင့်ဖြစ်ပြီး မကြာခင်မှာ ပြန်လည်ရောင်းချနိုင်အောင် ကြိုးစားနေရပြီဖြစ်ပါတယ်။

Pete Lau ကတော့ အခုလိုမျိုး အမြန်ဆုံးပြန်လည်ရောင်းချနိုင်ဖို့အတွက် လက်ရှိကုမ္ပဏီအပြင် စက်ရုံတွေကပါ Full Capacity နဲ့ အလုပ်လုပ်နေတဲ့အပြင် အချိန်ပိုတွေပါဆင်းပြီး အလုပ်လုပ်နေကြတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ တရုတ်နိုင်ငံပြင်ပမှာရှိတဲ့ Production တွေကိုပါ တရုတ်နိုင်ငံတွင်းကို ပြန်လည်ရွေ့ပြောင်းနိုင်ဖို့အထိ ဆောင်ရွက်နေပါတယ်။

အခုလိုမျိုး OnePlus 8 Series တွေဟာ တရုတ်နိုင်ငံမှာရောင်းအားကောင်းနေသလိုပဲ US မှာလည်း လာမယ့် ဧပြီလ ၂၉ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ India နဲ့ တခြားနိုင်ငံတွေမှာလည်း လာမယ့်လမှာ စတင်ရောင်းချသွားဖို့ရှိနေတဲ့အတွက် တခြားစျေးကွက်တွေမှာပါ ရောင်းအားကောင်းနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China