Google ဟာ သူတို့ရဲ့ Pixel အမှတ်တံဆိပ်အတွက် ထုတ်ကုန်သစ်တိုင်းကို ကွဲပြားတဲ့ Codename ပေးလေ့ရှိပြီး Google Pixel 4a ကိုတော့ Sunfish လို့ အမည်ပေးထားကြောင်း ဖေဖော်ဝါရီလက ကြေညာခဲ့ပါတယ်။ ယနေ့မှာတော့ Google Sunfish အမည်ရ ဟန်းဆက်တစ်ခုဟာ Geekbench ပေါ်သို့ရောက်ရှိလာတာကြောင့် Pixel 4a လို့ ယုံကြည်ရပါတယ်။
GeekBench V4 ပေါ်ရောက်လာခဲ့တဲ့ ဟန်းဆက်ဟာ ထုံးစံအတိုင်း Specs အချို့ကိုလည်း ဖော်ပြလာခဲ့ပါတယ်။ Pixel 4a ဖုန်းမှာ Android 10 OS ကိုမြင်ရပြီး 6GB RAM မန်မိုရီပါဝင်ပါတယ်။ သူ့မှာ 1.80 GHz နဲ့ Octa-core ချစ်ပ်ဆက် ပါဝင်ပြီး Snapdragon 730 ဖြစ်မယ်လို့ ယူဆရပါတယ်။
Pixel 4a ဖုန်းမှာ 5.81” OLED Display ပါဝင်မှာဖြစ်ပြီး အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole ကင်မရာတစ်လုံး ပါဝင်မှာပါ။ ဘက္ထရီက 3,080 mAh ဖြစ်ပြီး 18W အားသွင်းစနစ်နဲ့ လာမှာဖြစ်ပါတယ်။
Google Pixel 4a ရဲ့ Punch-hole ထဲမှာတော့ 8MP ဆဲလ်ဖီးကင်မရာတစ်လုံးတည်း အသုံးပြုလာမှာဖြစ်သလို နောက်ဘက်မှာလည်း 12MP Sensor တစ်ခုတည်းပဲ ပါဝင်မှာပါ။ Just Black နဲ့ Barely Blue ကာလာနှစ်မျိုးနဲ့ ထွက်ရှိလာမယ့် ဒီဖုန်းဟာ 64 / 128GB Storage ရွေးချယ်စရာပါလာမယ်လို့ သတင်းထွက်ထားပါတယ်။ ဈေးနှုန်းက အခြေခံမော်ဒယ်ကို ဒေါ်လာ ၃၉၉ (မြန်မာငွေ ငါးသိန်းခြောက်သောင်းနီးပါး) ကျသင့်ပြီး မေလ ၂၂ ရက်နေ့မှာ ဈေးကွက်ထဲ ဖြန့်ချိလာမှာဖြစ်ပါတယ်။
Ref – GizmoChina