Legendary Dota ကစားသမားတစ်ဦးဖြစ်တဲ့ Dendi ဦးဆောင်တဲ့ B8 Esports အသင်းဟာ လက်ရှိအချိန်မှာ အခြေအနေအလွန်ဆိုးဝါးလျက်ရှိပြီး Dota2 သမိုင်းတလျှောက်မှာ နိုင်ပွဲမရတာ အကြာဆုံးအသင်းအဖြစ် စံချိန်တင်နိုင်မယ့် အနေအထားမှာရှိနေပါတယ်။ Dendi ဟာ CIS ဒေသအခြေစိုက် Na’Vi အသင်းနဲ့ ပထမဆုံး The International Dota2 ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ပေမယ့် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ တဖြည်းဖြည်း အကျပိုင်းကိုရောက်ရှိလာခဲ့ပါတယ်။
အခုဆိုရင် သူ့ရဲ့ B8 အသင်းဟာ ပြိုင်ပွဲစီးရီးပေါင်း ၁၇ မှာ နောက်ဆုံးကစားခဲ့တဲ့ ပွဲပေါင်း ၂၄ ပွဲထိ ဆက်တိုက်ရှုံးနိမ့်ထားတာဖြစ်ပြီး Dota2 Stats အချက်အလက်စုဆောင်းသူတစ်ဦးဖြစ်တဲ့ “Noxville” က B8 အသင်းဟာ သူမြင်ဖူးသမျှထဲမှာ ဆက်တိုက်ရှုံးပွဲအများဆုံးစံချိန်ဖြစ်တယ်လို့ စတင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တကယ်တော့ B8 အသင်းဟာ မတ်လနဲ့ ဧပြီလတွေမှာ ယှဉ်ပြိုင်ခဲ့သမျှ တစ်ပွဲစီသာ အနိုင်ရထားတာဖြစ်ပြီး မတ်လ အစောပိုင်းက Arena of Blood မိုင်နာပွဲမှာ Godsent နဲ့ ဧပြီလ ၈ ရက်နေ့က ESL One LA အွန်လိုင်းပြိုင်ပွဲမှာ HellRaisers ကို ၂ – ၁ နဲ့အနိုင်ရခဲ့တဲ့နောက် တစ်ပွဲမှ အနိုင်မရသေးတာဖြစ်ပါတယ်။
တချိန်က လူကြိုက်အများဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ Dendi ရဲ့ ပရိသတ်တွေအတွက်တော့ ဝမ်းနည်းစရာ ကောင်းတဲ့ အချိန်တစ်ခုပါပဲ။ လက်ရှိ B8 အသင်းမှာ Excalibur, Dendi, Ghostik, KingR, LeBron တို့ ပါဝင်ကစားနေပါတယ်။
Ref – AFKGaming