လက်ရှိ Samsung ၊ Apple နဲ့ Huawei လိုမျိုး စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ Mobile Processor တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ကုမ္ပဏီတွေလို့ ပြောလို့ရပါတယ်။ Xiaomi ကလည်း ယခင် Mi 5c စမတ်ဖုန်းတုန်းက ကိုယ်ပိုင် Surge S1 Chipet ကို ထုတ်ခဲ့ဖူးပေမယ့် အောင်မြင်မှုမရရှိခဲ့တဲ့အတွက် အခုနောက်ပိုင်းမှာပါ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေလိုမျိုးပဲ Qualcomm နဲ့ MediaTek ကုမ္ပဏီတွေကိုပဲ Chipset ပိုင်းအတွက် အားထားနေတာဖြစ်ပါတယ်။
အခုအချိန်မှာတော့ တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Vivo ကနေ ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Chipset တွေကိုထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။ ယခင်တုန်းကလည်း အဆိုပါသတင်းတွေထွက်ရှိခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ Vivo ကနေ ကိုယ်ပိုင် Chipset အတွက် ရယူထားပြီးဖြစ်တဲ့ မူပိုင်ခွင့်တွေပါ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။
အဆိုပါသတင်းကိုတော့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Vivo ကနေ အစောဆုံး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀၁၉ ခုနှစ်ထဲက “Vivo Chip” နဲ့ “Vivo SoC” ဆိုတဲ့ နာမည်တွေနဲ့ မူပိုင်ခွင့်ရယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အဆိုပါ Vivo Chipset ရဲ့ နာမည်နဲ့ စမတ်ဖုန်းအတွက် အသုံးပြုလာမယ့် Chipset လားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဖြစ်နိုင်တာတစ်ခုကတော့ Vivo ကနေ မကြာခင်မှာ ကိုယ်ပိုင် Smartwatch ကိုလည်း ထုတ်လုပ်သွားမယ်ဆိုပြီး သတင်းတွေထွက်နေတဲ့အတွက် အဆိုပါ Vivo Chipset ဟာ စမတ်ဖုန်းတွေထက် အဆိုပါ Smartwatch မှာ အရင်ပါဝင်လာနိုင်ပါတယ်။
Ref – Gizmo China