Sony Xperia စမတ်ဖုန်းတွေကို လူကြိုက်များမှုကျဆင်းလာတာ နှစ်အတော်ကြာခဲ့ပါပြီ။ Sony အီလက်ထရောနစ်ကုမ္ပဏီကြီးဟာ ထိခိုက်နေတဲ့ မိုလ်ဘိုင်းကဏ္ဍကို ကယ်တင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးက ဘူးလေးရာ ဖရုံဆင့်လုပ်လိုက်ပြန်ပြီလို့ ဆိုရမှာပါ။

အကြောင်းရင်းကတော့ ကမ္ဘာ့ကပ်ရောဂါကြီးဟာ Sony မိုလ်ဘိုင်းကို ပြီးခဲ့တဲ့ သုံးလပတ်အတွင်းမှာ အဆိုးရွားဆုံးစံချိန်တစ်ခု ရရှိအောင် လက်ဆောင်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ မတ်လအတွင်း Xperia စမတ်ဖုန်း ၄ သိန်းသာ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဂျပန်အခြေစိုက်ကုမ္ပဏီကြီးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကိန်းဂဏန်းဟာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအရေအတွက်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က စမတ်ဖုန်းအလုံးရေ ၁.၁ သန်းတင်ပို့ရောင်းချနိုင်ခဲ့တာနဲ့နှိုင်းယှဉ်ရင် အလွန်အမင်းထိုးကျသွားတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၆၃.၇% ဖြစ်ပါတယ်။ Sony ဟာ အလုံးရေ ၇ သိန်းသာရောင်းချရဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ရည်မှန်းချက်ကို ပြည့်မီအောင်ရောင်းချနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ကမ္ဘာ့ကပ်ရောဂါဟာ လက်ရှိအချိန်မှာ ဝယ်လိုအားအပြင်၊ ရောင်းလိုအားနဲ့ ထုတ်လုပ်မှုကိုပါ ထိခိုက်စေတယ်လို့ Sony က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်ကနေ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်အတွင်း တစ်နှစ်တာ ကာလနဲ့တွက်မယ်ဆိုရင်တော့ Sony ဟာ စမတ်ဖုန်းအလုံးရေ ၃.၂ သန်းကို တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

Ref: Phone Arena