Google ဟာ သူတို့ရဲ့ Meet video conferencing service ကို လူတိုင်းအသုံးပြုနိုင်လိမ့်မယ်လို့ လွန်ခဲ့တဲ့မေလတုန်းက ပြောခဲ့ဖူးပါတယ်။ အခုလည်း ပြောတဲ့အတိုင်း အမှန်တကယ် သုံးလို့ရနေပါပြီ။ Google Meet ရဲ့ အခမဲ့ Video Call ခေါ်ဆိုမှုက ဝက်ဘ်ပေါ်မှာ လူတိုင်းအတွက် ရနေပြီ ဖြစ်ပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် လူအများစုဟာ အိမ်မှာပဲနေပြီး တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလာကြရပါတယ်။ Zoom က လူကြိုက်များတဲ့ ဖြေရှင်းနည်းတစ်ခုဖြစ်ပြီး ကုမ္ပဏီတွေနဲ့ လူအတော်များများ အသုံးပြုနေကြပါတယ်။ ဒါပေမယ့် Google ကတော့ အခမဲ့ဝန်ဆောင်ပေးနေတာဖြစ်ပြီး Play Store ရဲ့ အချက်အလက်တွေအရ Downloads ပြုလုပ်သူ သန်း ၅၀ ကျော်လွန်သွားပြီ ဖြစ်ပါတယ်။
AppBrain ရဲ့အချက်အလက်တွေအရ Google Meet ကို မတ်လကနေစပြီး လူကြိုက်များလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မတ်လအစောပိုင်းမှာ အသုံးပြုသူ ၅ သန်းကျော်သာ ရှိခဲ့ပေမယ့် ရက် ၂၀ ကျော်သွားတဲ့အချိန်မှာ ၁၀ သန်းကို ရောက်ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ သန်း ၅၀ ကျော်သွားတာကို တွေ့မြင်နေရပါပြီ။ ဒီဝန်ဆောင်မှုဟာ GSuite သုံးစွဲသူတွေအတွက် အခမဲ့ ဖြစ်ပါတယ်။
Google Meet ကိုလူကြိုက်များလာရတဲ့ အချက်တွေထဲက အရေးပါတဲ့အချက်တွေကတော့ အဆင့်မြင့် Feature တွေပါဝင်သလို Zoom ထက်လည်း ပိုပြိးလုံခြုံမှုရှိနိုင်တယ်လို့ ယူဆကြတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ Google Meet ကို အသုံးပြုဖို့အတွက် meet.google.com ကို သွားရောက်တာပဲဖြစ်ဖြစ်၊ Android app ကတစ်ဆင့် အသုံးပြုတာပဲဖြစ်ဖြစ် နှစ်သက်ရာ နည်းလမ်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
Ref: Android police