Apple ရဲ့ လာမယ့် iPhone 12 Series ဖုန်းတွေဟာ အခုနောက်ပိုင်းမှာ ဆက်တိုက်ကို သတင်းတွေပေါက်ကြားနေတာဖြစ်ပါတယ်။ အခုလည်း အဆိုပါ iPhone 12 Series ဖုန်းတွေ မိတ်ဆက်မယ့်အချိန်က ထပ်မံပေါက်ကြားလာခဲ့ပြန်ပါတယ်။

ယခုသတင်းအရ Apple ဟာ iPhone 12 Series ဖုန်းတွေကို လာမယ့် နိုဝင်ဘာလကုန်ပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါက ပုံမှန်မိတ်ဆက်နေကြ စက်တင်ဘာလဝန်းကျင်ထက် အနည်းငယ်နောက်ကျပေမယ့် iPhone 12 အမျိုးအစားပေါင်း ၄ မျိုးခန့်မိတ်ဆက်သွားမှာဖြစ်တဲ့အပြင် အကုန်လုံးကလည်း 5G Network ကို Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ရဲ့ ယခုနှစ် ဒုတိယ ၃ လပတ် iPhone Production ဟာ အလုံးရေ ၃၅ သန်းအထိရှိနိုင်မယ်လို့ ယူဆထားပြီး COVID-19 ကြောင့် ထိခိုက်ခဲ့တဲ့ iPhone Production တွေဟာလည်း တဖြည်းဖြည်းပြန်ပြီး လည်ပတ်နေပြီလို့ သိရပါတယ်။

Apple ဟာ ယခုနှစ်အတွက် $649 ကနေ စတင်မယ့် 5.4″ iPhone 12 ကနေ $1,199 ခန့်ကျသင့်မယ့် 6.7″ iPhone 12 Pro Max အထိ ၄ မျိုး မိတ်ဆက်သွားမှာဖြစ်ပြီး အဆိုပါ iPhone 12 Series အကုန်လုံးမှာ OLED Display ကို အသုံးပြုပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် iPhone 12 Pro Series ဖုန်းတွေပဲ LiDAR Sensor အသစ်နဲ့အတူ ProMotion Display ကို Support ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone 12 Series ကို ဝယ်ယူဖို့စောင့်ဆိုင်းနေတဲ့သူတွေအတွက်ကတော့ လာမယ့်နှစ်ကုန်ပိုင်းအထိ စောင့်ဆိုင်းရတော့မှာပါ။

Ref – Giz China