Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ iPhone 12 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားဖို့ရှိနေပြီး၊ iPhone 12 ၊ 12 Max ၊ 12 Pro နဲ့ 12 Pro Max ဆိုပြီး အမျိုးအစား ၄ မျိုးအထိ မိတ်ဆက်သွားမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ်မှာဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်အခြေအနေကြောင့် မိတ်ဆက်မယ့်အချိန်က ထင်ထားတာထက် နောက်ကျမယ်ဆိုပြီးလည်း ခန့်မှန်းနေကြပါတယ်။

အခုအချိန်မှာတော့ Broadcom CEO ဖြစ်တဲ့ Hock Tan ကိုယ်တိုင်ကနေ iPhone 12 Series စမတ်ဖုန်းတွေမိတ်ဆက်မယ့်အချိန်က Major Delay ဖြစ်ဖို့ရှိနေတယ်ဆိုပြီး အတည်ပြုပြောကြားသွားခဲ့ပါတယ်။ အဆိုပါသတင်းကိုတော့ Bloomberg Media ကနေ အသေးစိတ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

Broadcom ဟာ iPhone တွေအတွက် အဓိက Component Supplier တစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်း Apple ဆီကနေ ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိတဲ့ အမှာစာတွေကို ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ iPhone 11 Series ဖုန်းတွေမှာလည်း Bluetooth နဲ့ Wi-Fi Hardware တွေကို Broadcom ကနေ ထောက်ပံ့ပေးနေသလို လာမယ့် iPhone 12 Series ဖုန်းတွေမှာလည်း LTE နဲ့ 5G Component တွေကိုပါ ထောက်ပံ့သွားဖွယ်ရှိနေပါတယ်။

CEO Hock Tan ရဲ့ ပြောကြားချက်အရတော့ iPhone 12 Series မိတ်ဆက်မယ့်အချိန်ဟာ ၂၀၂၀ ခုနှစ် တတိယ ၃ လပတ်ကနေ စတုတ္ထ ၃ ပတ်လပတ်ကို ရွေ့ဆိုင်းသွားမှာဖြစ်ပြီး အစောပိုင်းတုန်းက သတင်းထွက်ရှိထားခဲ့ဖူးတဲ့ နိုဝင်ဘာလဝန်းကျင်မှပဲ တရားဝင်မိတ်ဆက်လာဖို့များနေပါတယ်။

Ref – GSM Arena