အာရှစမတ်ဖုန်းဈေးကွက်တွေကိုကြည့်လိုက်မယ်ဆိုရင် အိန္ဒိယဈေးကွက်ကလည်း မက်မောလောက်စရာကောင်းအောင်ကို ကြီးမားနေတာတွေ့မြင်ရပါလိမ့်မယ်။ များသောအားဖြင့် အမှတ်တံဆိပ်သစ်တွေအတွက် အိန္ဒိယဈေးကွက်ဟာ မျှော်လင့်ချက်ကြီးတစ်ခုပါ။ ဒါကို Xiaomi ကလည်း ပြသခဲ့ပြီးပါပြီ။
တစ်ချိန်တုန်းကတော့ Price-to-performance ဆိုတဲ့ဝေါဟာရ နဲ့အတူ Xiaomi အတွက် အိန္ဒိယဈေးကွက်ဟာ အောင်မြေဖြစ်ခဲ့ရပါတယ်။ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်တဲ့ Xiaomi ဟန်းဆက်တွေက အိန္ဒိယဖောက်သည်တွေရဲ့ သည်းခြေကြိုက်ဖြစ်ခဲ့ပါတယ်။ အခုတော့ အိန္ဒိယန်းတွေရဲ့အကြိုက်က တဖြည်းဖြည်းပြောင်းလဲလာတာကို တွေ့လာရပါတယ်။
91Mobile ကပြုလုပ်တဲ့ စစ်တမ်းသစ်အရ လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်းမှာ အိန္ဒိယကစမတ်ဖုန်းအသုံးပြုသူတွေဟာ ဖုန်းအသစ်ဝယ်တဲ့အခါ Xiaomi ထက် Samsung ကို ပိုပြီးရွေးချယ်ဖို့ လိုလားလာကြလိမ့်မယ်သိရပါတယ်။ ကိန်းဂဏန်းတွေအရ ကြည့်မယ်ဆိုရင်လည်း ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ Samsung ကို ပြောင်းသုံးချင်တဲ့ရာခိုင်းနှုန်းက ပိုပြီးတိုးတက်လာတာကို တွေ့မြင်နိုင်ပါတယ်။
၂၀၁၉ မှာတုန်းက ဖုန်းအသစ်ဝယ်ရင် Xiaomi ကို ဝယ်ချင်တဲ့ရာခိုင်နှုန်းဟာ ၂၄% ရှိခဲ့ပေမယ့် ၂၀၂၀ မှာတော့ ၂၀% သာ ရှိပါတော့တယ်။ တစ်ဘက်မှာ Samsung ကတော့ ၂၀၁၉ တုန်းက ၁၇% သာရှိခဲ့ပေမယ့် ၂၀၂၀ မှာတော့ ၂၄% အထိတက်လာတာကို တွေ့ရပါတယ်။ ဒါဟာ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးရဲ့ Galaxy A စီးရီးတွေကို ထုတ်လုပ်ပြီး မဟာဗျူဟာပြောင်းလဲလာမှုကြောင့်လို့လည်း ဆိုနိုင်ပါတယ်။
Ref: Gizmochina