အိန္ဒိယ အစိုးရက ဒီလ ၃ ရက်နေ့မှာ PUBG Mobile အပါအဝင် တရုတ် App ၁၁၈ ခုကို Ban ခဲ့ပါတယ်။ အဲဒီထဲမှာ PUBG Mobile ဟာ အိန္ဒိယမှာ လူကြိုက်အများဆုံး ဖြစ်ပြီး အခုလို Ban လိုက်လို့ ကစားသူ သန်းပေါင်းများစွာ စိတ်ပျက် ဒေါသထွက်သွားစေခဲ့ပါတယ်။

အခုတော့ အဲဒီ ပိတ်ပင်မှုကြောင့် ဝမ်းနည်းစရာ သတင်း ၁ ပုဒ် တက်လာပါတယ်။ PUBG မကစားရတော့လို့ အိန္ဒိယက အသက် ၂၁ နှစ်အရွယ် လူငယ် ၁ ယောက် ကြိုးဆွဲချသေဆုံးခဲ့ပါတယ်။ Pritam Halder ဆိုသူ ကျောင်းသား ၁ ယောက်ဖြစ်ပြီး သူ့အိမ်မှာပဲ ကိုယ့်ကိုကိုယ် သတ်သေခဲ့တာပါ။ စက်တင်ဘာလ ၄ ရက်နေ့မှာ အဲဒီ ဝမ်းနည်းစရာ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သူ့ မိခင်က “ Halder ဟာ မနက်စာ စားပြီးတော့ အမူအယာ မပျက်ဘဲ သူ့အခန်းထဲ ပြန်သွားခဲ့ပါတယ်။ နေ့လည်စာစားဖို့ သူ့ကို ခေါ်မရလို့ အခန်းတံခါး ဖွင့်ကြည့်တဲ့အခါမှာ အတွင်းဘက် ကနေ Lock ချထားတဲ့အတွက် ကျွန်မ စိတ်ပူသွားပါတယ်။ အိမ်နီးနားချင်းတွေရဲ့ အကူအညီနဲ့တံခါးကို ချိုးဖျက်ပြီး အခန်းထဲဝင်ကြည့်လိုက်တော့ မျက်နှာကြက် ပန်ကာကနေ ကြိုးဆွဲချ သေဆုံးနေပါပြီ။ “ လို့ ဝမ်းနည်းစွာ ပြောပြပါတယ်။

မိခင်က “ သူ PUBG Mobile ကို ညဘက်မှာ စွဲစွဲလမ်းလမ်း ကစားနေကျပါ။ အစိုးရက ပိတ်ပင်ပြီးနောက်မှာ သူ တမှိုင်မှိုင်တထွေထွေ ဖြစ်သွားပါတယ်။  မကစားရတော့လို့ အခုလို ကိုယ့်ကိုကိုယ် သတ်သေတာလို့ ထင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : gizmochina