OnePlus 8T ရဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာ လအနည်းငယ် ရှိပါပြီ။ ကုမ္ပဏီက အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တချို့ကို အရိပ်အမြွက်ပြပြီး မျှဝေနေပါတယ်။ အခုလည်း ကြော်ငြာ ဗီဒီယို ၁ ခုကို ပြသလိုက်ပြီး OnePlus 8T မှာ အရမ်းမြန်တဲ့ အားသွင်း နည်းပညာ ပါလာမယ်လို့ သတင်းပေးထားပါတယ်။ အရင်ကတည်းက သတင်းထွက်နေတဲ့ 65W Warp Charging ပါလာဖို့ ပိုသေချာသွားပါပြီ။

အဲဒီ နည်းပညာကို အမွှာ ကုမ္ပဏီ ဖြစ်တဲ့ OPPO က 65W SuperVOOC 2.0 Charging နာမည်နဲ့ Find X2 , X2 Pro တို့မှာ ထည့်သွင်းပေးထားပါတယ်။ OnePlus 8T ဟာ 65W Charging ပါတဲ့ OnePlus ရဲ့ ပထမဆုံးစမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားမှာပါ။ OnePlus က 8T ရဲ့ သတင်းအချက်အလက် နောက် ၁ ခုကိုလည်း 8T Launch Event ရဲ့ Mobile Landing Page မှာ ဖော်ပြထားပါတယ်။ အဲဒါကတော့ ဘက်ထရီ ၂ ခုကို တွဲစပ်ထားတဲ့ ဒီဇိုင်း ဖြစ်ပြီး  OPPO Find X2 နဲ့ X2 Pro တို့မှာလည်း အဲဒီလို ဘက်ထရီ ဒီဇိုင်းကို သုံးထားတာပါ။

OnePlus 8T 5G ကို အိန္ဒိယမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ကြေညာမယ်လို့ ကုမ္ပဏီက မကြာခင်ကပဲ အတည်ပြုထားပါတယ်။ ပေါက်ကြားသတင်းတွေအရ OnePlus 8T 5G မှာ Snapdragon 865 Chipset မောင်းနှင်ထားမှာဖြစ်ပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။ AMOLED မျက်နှာပြင်ပြား ပါလာမှာ ဖြစ်ပြီး ဘယ်ဘက်အထက်မှာ Punch Hole ၁ ခု တပ်ဆင်ထားမှာပါ။ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်တဲ့အတွက် ဂိမ်း ကစားရင် အရမ်းမိုက်မှာ ဖြစ်သလို 4,500mAh ဘက်ထရီနဲ့ Android 11 တွေ ပါလာမှာပါ။

အနောက်ဘက်မှာ 48MP  Main , 16MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာမှာဖြစ်ပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena