Samsung ဟာ ကင်မရာ အသားပေး F Series အသစ်ကို ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ အကြောင်းကို ပြီးခဲ့တဲ့ ၁ ပတ်က အသိပေးခဲ့ပါတယ်။ အခုတော့ အိန္ဒိယရဲ့ နာမည်ကျော် အွန်လိုင်းစတိုး Flipkart မှာ အဲဒီ Series ရဲ့ ပထမဆုံး စမတ်ဖုန်း အဖြစ် ပွဲထွက်လာမယ့် Galaxy F41 ကို ပြသထားပြီး Samsung က အောက်တိုဘာလ ၈ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာပါ။

Flipkart ရဲ့ ပရိုမို ဝက်ဘ်စာမျက်နှာမှာ Galaxy F41 ရဲ့ ဓါတ်ပုံတွေနဲ့ Specs တချို့ကို ဖော်ပြထားပါတယ်။ sAMOLED Infinity-U မျက်နှာပြင်၊ အနောက်ကင်မရာ ၃ လုံး၊ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Galaxy F41 ရဲ့ တခြား Specs တွေကိုတော့ မသိရသေးပေမယ့် User Manual မှာ စပီကာ ၂ လုံးနဲ့ အနောက်ကင်မရာ ၃ လုံးထဲက ၁ လုံးဟာ မြင်ကွင်းကျယ် ကင်မရာ ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။

Geekbench မှာလည်း Galaxy F41 ကို တွေ့လာရပြီ ဖြစ်ပြီး Exynos 9611 SoC နဲ့ 6GB RAM ထည့်သွင်းထားပါတယ်။ Galaxy F41 ဟာ Galaxy M31 ကို မွမ်းမံထားတဲ့ မော်ဒယ် ဖြစ်ပြီး Storage Version ၂ မျိုးနဲ့ အရောင် ၃ ရောင် ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ၂ လုံးရဲ့ ကွဲပြားချက် ၁ ခုက Galaxy M31 မှာ အနောက်ကင်မရာ ၄ လုံးနဲ့ Galaxy F41 မှာ ၃ လုံး ပါလာတာပါ။ Galaxy F41 ကို ကြေညာဖို့ နီးလာပြီ ဖြစ်တဲ့အတွက် ဒီအတောအတွင်းမှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ပေါက်ကြားလာနိုင်ပါတယ်။

Ref : gsmarena