Apple ဟာ လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ Online Event တစ်ခုကို ထပ်ပြီး ကျင်းပပြုလုပ်ဦးမှာ ဖြစ်ပါတယ်။ ဒီ Event ကို Apple Park မှာပဲ ပြုလုပ်သွားမှာဖြစ်ပြီး၊ မီဒီယာတွေဆီကိုလည်း ဖိတ်စာတွေ ဝေငှပေးပြီးတာကို တွေ့ရပါတယ်။ ဖိတ်စာမှာတော့ ထုံးစံအတိုင်း သဲလွန်စအနည်းငယ်ကိုပဲ ဖော်ပြထားတာပါ။

Apple ရဲ့ ဖိတ်စာမှာ အသုံးပြုထားတဲ့ Tag Line ဟာ “Hi, Speed” ဆိုတဲ့ စာသားလေးပဲ ဖြစ်ပါတယ်။ ပြီးတော့ Apple ရဲ့ Logo နဲ့အတူ Event ပြုလုပ်ကျင်းပမယ့်အချိန်နဲ့၊ နေရာကိုပဲ ဖော်ပြထားတာပါ။ ဒါကြောင့် ဒီ Event မှာ ဘာကို ပြသချင်လဲဆိုတာကို အဓိပ္ပါယ်ဖော်ဖို့ ခက်ခဲပါတယ်။

အခြားတစ်ဘက်ကနေ စဉ်းစားကြည့်ရင်တော့ အောက်တိုဘာ ၁၃ မှာကျင်းပပြုလုပ်မယ့် ဒီ Event အနေနဲ့ ကုမ္ပဏီရဲ့ Flagship ထုတ်ကုန်တွေဖြစ်တဲ့ iPhone မော်ဒယ်သစ်တွေကို မိတ်ဆက်မယ်လို့ ကောက်ချက်ချနိုင်ပြီး iPhone 12 Series အပြင် တခြားထုတ်ကုန်သစ်တွေလည်း ပါဝင်လာနိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ဘာကိုမိတ်ဆက်ပေးနိုင်သလဲလို့ စဉ်းစားရာမှာ Apple ရဲ့ ပထမဆုံး Silicon-based Mac ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာပါတယ်။

Apple အနေနဲ့ Silicon-based Mac ကို ဒီနှစ်မကုန်ခင်မှာပဲ ဖြန့်ချိဖို့ရှိနေသလို၊ ကနဦးကောလာဟလတွေတုန်းကလည်း ဒီလထဲမှာ မိတ်ဆက်နိုင်တယ်လို့ ဖော်ပြထားခဲ့ဖူးပါတယ်။ နောက်တစ်ချက်က Apple Silicon ဟာ အမြန်နှုန်းကို တိုးမြှင့်ထားတဲ့အချက်ပါ။ ဒါကြောင့် Tag Line အဖြစ်သုံးထားတဲ့ “Hi, Speed” ဟာ Silicon-based Mac ကို ရည်ညွှန်းထားတယ်လို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ အဖြေကိုသိရမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena