ထိုင်းနိုင်ငံသည် အာဆီယံဒေသတွင်း 5G တပ်ဆင်မှုတွင် ဦးဆောင်လျှက်ရှိပြီး အာဆီယံ၏ ပင်မဒီဂျစ်တယ်ရပ်ဝန်းနေရာအတွက်လည်း စိတ်ဝင်စားလျက်ရှိရာ ယင်း၏ ICT အခြေခံအဆောက်အအုံနှင့် ဂေဟစနစ်ကို အဆင့်မြှင့်တင်သွားမည့် ရှေ့ပြေးစီမံကိန်းတစ်ခုကို အစိုးရအရာရှိများက ဘန်ကောက်ရှိ “Powering Digital Thailand 2021: Huawei Cloud & Connect” အခမ်းအနားတွင် ထုတ်ဖော်မိတ်ဆက်ခဲ့သည်။

“ထိုင်းနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ 5G နည်းပညာကို လုပ်ငန်းသုံးအနေနဲ့ စတင်မိတ်ဆက်ခဲ့တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ အရှေ့ပိုင်းအထူး ဖွံ့ဖြိုးရေးဇုန် ဒါမှမဟုတ် Eastern Economic Corridor (EEC) ဟာ ဒီနည်းပညာကို စတင်အသုံးချနေခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို ဒေသရဲ့ ပင်မဒီဂျစ်တယ်ရပ်ဝန်းအဖြစ် ကူးပြောင်းစေဖို့အတွက်ဆိုရင် 5G ၊ Cloud နဲ့ AI စတဲ့ နည်းပညာတွေဟာ အလွန်အရေးပါပါတယ်” ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwon က အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု၊ ဆန်းသစ်တီထွင်မှု၊ သတင်းအချက်အလက်၊ လူသားအရင်းအမြစ်နှင့် အခြား ဒီဂျစ်တယ်အရင်းအမြစ်များမှတဆင့် စီးပွားရေး ပြန်လည်ထူထောင်ရေးကို မောင်းနှင်ရန်အတွက် နည်းပညာအခြေခံအဆောက်အအုံ ဆန်းသစ်မှုနှင့် 4.0 ရှေ့ပြေးစီမံကိန်းတို့ကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၁-၁၄ အတွင်းက Huawei Technologies (Thailand) နှင့် Bangkok Post Public Company Limited တို့ ပူးပေါင်းစီစဉ်ကျင်းပခဲ့သော “Powering Digital Thailand 2021; Huawei Cloud & Connect” အခမ်းအနားက ဒီဂျစ်တယ်ခေတ်သစ်အတွင်းရှိ စျေးကွက်နှင့် လုပ်ငန်းပုံစံငယ်များ၊ အလားအလာသစ်များကို ဖော်ထုတ်နိုင်ရန်အတွက် Cloud၊ AI နှင့် ချိတ်ဆက်နိုင်စွမ်းတို့ကဲ့သို့သော နည်းပညာသစ်များကို မည်သို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်းကို မိတ်ဆက်ခဲ့သည်။

လေးရက်တာကျင်းပသည့် အဆိုပါ အခမ်းအနားတွင် လုပ်ငန်းခေါင်းဆောင်များ၊ ကဏ္ဍအလိုက် ကျွမ်းကျင်သူများ၊ သံအမတ်များနှင့် အစိုးရအရာရှိများ စုစုပေါင်း ၄,၅၀၀ ကျော်တို့ တက်ရောက်ခဲ့ပြီး ကမ္ဘာ့လုပ်ငန်းနယ်ပယ်ဆိုင်ရာ အလားအလာသစ်များနှင့် ပတ်သက်သည့် အသိအမြင်များကို မျှဝေခြင်း၊ လူ့အဖွဲ့အစည်းနှင့် လုပ်ငန်းများအတွက် ICT နည်းပညာဆန်းသစ်တီထွင်မှုများကို ဖော်ဆောင်ပေးမည့် အလားအလာသစ်များကို စူးစမ်းရှာဖွေခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

“ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၁ နှစ်ကျော်ကြာ လုပ်ကိုင်လာခဲ့တဲ့ နည်းပညာအဖွဲ့အစည်းတစ်ခုအနေနဲ့ Huawei က ဒေသတွင်းမှာ ရှိတဲ့ တခြားနိုင်ငံတွေထက် ထိုင်းနိုင်ငံက သာလွန်နိုင်တဲ့ အလားအလာတွေ၊ အားသာချက်တွေကို တွေ့မြင်ထားပါတယ်။ ထိုင်းနိုင်ငံဟာဆိုရင် Cloud ပိုင်း၊ AI အပိုင်းနဲ့ များစွာသော လုပ်ငန်းကဏ္ဍတွေမှာ cloud နဲ့ အသိဉာဏ်မြင့် အသွင်ကူးပြောင်းမှုကို အသုံးပြုလာနိုင်စေဖို့ အဓိက မောင်းနှင်အားတစ်ရပ်ဖြစ်တဲ့ 5G ကူးပြောင်းမှု အပိုင်းမှာလည်း ရှေ့က ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေခံအဆောက်အအုံဆိုင်ရာ အသင့်ဖြစ်နေမှုကို ဒီဂျစ်တယ်စီးပွားရေးရဲ့ အခြေခံအုတ်မြစ်အနေနဲ့ ယူဆနိုင်ပါတယ်။ ဒါကြောင့် Thailand 4.0 မဟာဗျူဟာ အောင်မြင်ဖို့အတွက် ထိုင်းနိုင်ငံကို အာဆီယံဒေသရဲ့ ပင်မဒီဂျစ်တယ်ရပ်ဝန်းဖြစ်လာဖို့ ကျွန်တော်တို့က အကူအညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု Huawei Thailand ၏ CEO ၊ Abel Deng က ဆိုသည်။

လုပ်ငန်းဆိုင်ရာသုတေသနများအရ ICT ကဏ္ဍအတွက် ပြည်တွင်းရင်းနှီးမြုပ်နှံမှု ၂၀% တိုးလျှင် နိုင်ငံ၏ GDP သည်လည်း အနည်းဆုံး ၁% ထိ တိုးတက်မှုရှိကြောင်း သိရသည်။ ယခုအချိန်တွင် ထိုင်းနိုင်ငံ GDP ၏ ၁၀% ကို ဒီဂျစ်တယ်စီးပွားရေးက ဖော်ဆောင်ပေးနေရာမှ၂၀၃၀ ခုနှစ်တွင် ၃၀% အထိ တိုးမြှင့်ဖော်ဆောင်ပေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Buddhipongse Punnakanta ၏ အဆိုအရ ဒေတာစင်တာများ၊ ရေအောက်ကေဘယ်ကြိုးများနှင့် 5G ကွန်ရက်များအားလုံးပါဝင်သည့် တယ်လီကွန်း အခြေခံအဆောက်အအုံဆိုင်ရာ အပြောင်းအလဲ လှိုင်းသစ်တစ်ရပ်မှာ ဖွံ့ဖြိုးလျက် ရှိသည်ဟု သိရသည်။ “၂၀၂၁ ခုနှစ်မှာ Huawei Technologies Thailand ဟာ ထိုင်းနိုင်ငံမှာ တတိယမြောက်ဒေတာစင်တာကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအတွက် ဒီဂျစ်တယ်ပင်မရပ်ဝန်းတစ်ခုဖြစ်လာနိုင်တဲ့ အလားအလာကို မြှင့်တင်ဖို့အတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပါပဲ” ဟု ယင်းက ဆိုသည်။

ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အလျင်အမြန်တုံ့ပြန် ထိန်းသိမ်းနိုင်ခဲ့သည့် ထိုင်းနိုင်ငံက ယင်း၏ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် ICT နှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို အလေးပေး ကျင့်သုံးလျက် ရှိသည်။ ဖွံ့ဖြိုးမှုကို အရှိန်အဟုန်မြှင့်တင်ရန်အတွက်လည်း ယင်း၏ ဒီဂျစ်တယ် စီးပွားရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း အများပြည်သူနှင့် ပုဂ္ဂလိကရေးရာလုပ်ငန်းကဏ္ဍများနှင့် ပူးပေါင်းရေးဆွဲခဲ့သည်။

“COVID-19 စတင် ရိုက်ခတ်ခဲ့စဉ်ကာလက စတင်ပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ တိုးတက်လျက် ရှိနေပါတယ်။ အဲဒီအပြင် စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ အခုလို ကာလအတွင်းမှာလည်း Huawei ရဲ့ ဦးဆောင်နေတဲ့ နည်းပညာတွေက နိုင်ငံကို ပြန်လည်ကောင်းမွန်လာစေဖို့ အကူအညီတွေ ပေးနေပါတယ်။ ရေရှည်မှာဆိုရင် Cloud ၊ AI နဲ့ 5G တို့ ပါဝင်တဲ့ အားကောင်းတဲ့ ICT အခြေခံအဆောက်အအုံတစ်ခု ဖွံ့ဖြိုးမှုဟာ ထိုင်းနိုင်ငံရဲ့ ကမ္ဘာ့အလယ် ပါဝင်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဖို့ အကူအညီပေးမှာ ဖြစ်သလို စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့ ပညာရေးတို့ကိုလည်း တိုးတက်အောင် မောင်းနှင်ပေးမှာ ဖြစ်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ကမ္ဘာ့အဆင့် ပါဝင်ယှဉ်ပြိုင်နိုင်စေဖို့အတွက် ထိုင်းနိုင်ငံရဲ့ အရည်အသွေးကို မြှင့်တင်ပေးတဲ့ နေရာမှာ အလွန်အရေးကြီးပါတယ်” ဟု Bangkok Post ၏ လက်ထောက်ဥက္ကဌနှင့် အမှုဆောင် ကော်မတီအဖွဲ့ဝင် Worachai Bhicharnchitr က ဆိုသည်။

“Powering Digital Thailand 2021; Huawei Cloud & Connect” အခမ်းအနားတွင် Cloud၊ 5G နှင့် AI နည်းပညာဆိုင်ရာ ပြသမှုများကို မိတ်ဆက်ခဲ့ပြီး ယင်း ဆန်းသစ်တီထွင်မှုများက များပြားသော လုပ်ငန်းများအတွက် တန်ဖိုးသစ်များ ဆောင်ကျဉ်းပေးလာနိုင်ပုံ၊ ဒီဂျစ်တယ်စီးပွားရေးကို မည်သို့ တိုးတက်စေနိုင်ပုံကို မိတ်ဆက်ခဲ့သည်။ အဆိုပါပြခန်းများတွင် လုပ်ငန်းကဏ္ဍအသီးသီးအတွက် ကွဲပြားစုံလင်သည့် ပြသတင်ဆက်မှုများ၊ လက်တွေ့စမ်းသပ် ပြသမှုများနှင့် ပြိုင်ပွဲများလည်း ပါဝင်ခဲ့သည်။

Source – HUAWEI