Samsung Galaxy A02 ကို အာဏာပိုင် အဖွဲ့အစည်း တချို့မှာ မှတ်ပုံတင်ထားတဲ့ သတင်းတွေ ပြီးခဲ့တဲ့ လက စတင် ထွက်ပေါ်ခဲ့ပြီး အခုတော့ လက်တင် အမေရိကက CPQD ကို ရောက်လာပါပြီ။ CPQD ရဲ့ ဝက်ဘ်ဆိုက်မှာ Galaxy A02 ရဲ့ မော်ဒယ်နံပါတ်ဟာ SM-A025M/DS ဖြစ်ပြီး ဘက်ထရီရဲ့ မော်ဒယ်ကုဒ်ဟာ HQ-50S ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်ကုဒ်ကို TUV Rheinland မှာ 4,800mAh ပမာဏလို့ ဖော်ပြထားပြီး တကယ်တော့ 5,000mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။
Samsung Galaxy A02 ကို တချို့နိုင်ငံတွေမှာ Galaxy M02 နာမည်နဲ့ ကြေညာနိုင်ပြီး Geekbench မှာ 3GB RAM နဲ့ Qualcomm Chipset ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ Snapdragon 450 Chipset ဖြစ်နိုင်ပါတယ်။
Geekbench မှာ Galaxy A02 ရဲ့ တခြား Specs တွေကို မဖော်ပြထားသေးပေမယ့် ပေါက်ကြားသတင်းတွေအရ ၅.၇ လက်မ HD+ မျက်နှာပြင် ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Main နဲ့အတူ 2MP Depth ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားနိုင်ပါတယ်။
Samsung က Galaxy A02 အကြောင်းကို ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် Galaxy A01 ကို အရင်နှစ် ဒီဇင်ဘာလလယ်မှာ ကြေညာခဲ့တဲ့အတွက် တောင်ကိုရီးယား နည်းပညာ ဘီလူးကြီးဟာ ဒီနှစ်မှာလည်း အလားတူ အချိန်မှာ Samsung Galaxy A02 ကို မိတ်ဆက်နိုင်ပါတယ်။
Ref : gsmarena