Samsung ဟာ စီးပွားဖြစ် Foldable ဖုန်းကို စတင်မိတ်ဆက်ခဲ့တယ်လို့ဆိုနိုင်သလို၊ လက်ရှိ Foldable ဈေးကွက်ကို ဦးဆောင်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးအနေနဲ့ Foldable နည်းပညာနဲ့ဒီဇိုင်းကို ပိုပြီးတိုးတက်အောင် လုပ်ဆောင်နေတယ်ဆိုတာတော့ သံသယဖြစ်စရာမရှိပါဘူး။

Samsung ရဲ့ Foldable ဒီဇိုင်းနဲ့ပတ်သက်ပြီး သုံးခေါက်ချိုး Foldable၊ ဒါမှမဟုတ် Rollable display ဒီဇိုင်းတွေကို မူပိုင်ခွင့်တင်ခဲ့တာကို ဖော်ပြခဲ့ဖူးပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီလိုဒီဇိုင်းအယူအဆတွေအပေါ် စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့ပေမယ့် အမှန်တကယ်အကောင်အထည်ဖော်ခြင်းရှိ၊ မရှိကို မသိခဲ့ရပါဘူး။ အခုတော့ Triple folding, Rollable တွေနဲ့ပတ်သက်တဲ့ Teaser တွေကို တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

TechSina ရဲ့ သတင်းဖော်ပြချက်က Samsung ဟာ Triple folding နဲ့ Rollable တွေကို အမှန်တကယ်အကောင်အထည်ဖော်လာဖွယ်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပိုပြီးခိုင်မာလာစေပါတယ်။ Samsung ရဲ့ Teaser အရဆိုရင်တော့ Triple folding ဒီဇိုင်းဟာ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့တဲ့ မူပိုင်ခွင့်နဲ့ ဆင်တူပါတယ်။ Galaxy Z Fold 3 အကြောင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။

နောက်ထပ် Device တစ်ခုကတော့ Rollable display နဲ့ဖြစ်ပါတယ်။ ဒီထုတ်ကုန်ဟာ ခေါက်သွင်းသိမ်းဆည်းရမယ့် မျက်နှာပြင်အတွက် ပေဘူးလိုပုံစံ (Cylinder) ကိုယ်ထည်ပါဝင်နေပါတယ်။ ကုမ္ပဏီက မျှဝေထားတဲ့ဒီပုံစံအရ ထုတ်ကုန်ဟာ အရွယ်အစားကြီးမားတဲ့မျက်နှာပြင်ကို လွယ်လွယ်ကူကူသယ်ဆောင်သွားလိုတဲ့သူတွေအတွက် ရည်ရွယ်ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုနိုင်ပါတယ်။

အခုအချိန်မှာတော့ ဒီ Device တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုသိရသေးတာမဟုတ်ဘဲ Teaser တွေကိုပဲ မြင်ရသေးတာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီလိုမျိုးဒီဇိုင်းနဲ့ Device တွေကို ဘယ်အချိန်မှာ တရားဝင်ကြေညာမယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းလည်း မပြုသေးပါဘူး။ ဒါကြောင့် ပေါက်ကြားလာမယ့်သတင်းအချို့ကိုပဲ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina