Xiaomi ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စွမ်းရည်မြင့် Mi 11 ကို ကြေညာခဲ့ပြီး Snapdragon 888 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ မိတ်ဆက်ပြီးနောက် ရက်အနည်းငယ်အတွင်း တရုတ်မှာ စတင် ရောင်းပေးခဲ့ပြီး အခုတော့ Xiaomi က Mi 11 ရောင်းအားကို ကြွားလိုက်ပါတယ်။ Xiaomi က ၂၁ ရက်အတွင်း အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပြီး ဒါဟာ အထင်ကြီးစရာကောင်းပါတယ်။
8/128GB ကို ၃,၉၉၉ ယွမ် ၊ 8/256GB ကို ၄,၂၉၉ ယွမ်နဲ့ 12/256GB ကို ၄,၆၉၉ ယွမ် သတ်မှတ်ထားပြီး ၈ သိန်း ၂ သောင်းက စမှာပါ။ Mi 11 ရဲ့ Specs တွေအကြောင်းပြန်ပြောရရင် ၆.၈၁ လက်မ AMOLED QHD+ မျက်နှာပြင်ပါလာပါတယ်။ 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်းကောင်းပြီး မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။
SD888 SoC မောင်းနှင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ နှလုံးခုန်နှုန်းတိုင်းတာတာတွေ ပါလာပါတယ်။ ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 108MP Main , 13MP Ultrawide Angle နဲ့ 5MP Macro ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP Punch Hole ၁ လုံး ထည့်သွင်းထားပါတယ်။ Android 11 အခြေပြု MIUI 12 မောင်းနှင်ထားပါတယ်။
4,600mAh ဘက်ထရီ ထည့်သွင်းထားပြီး 55W Wired Fast Charging , 50W Wireless နဲ့ 10W Reverse Charging တွေ ထောက်ပံ့ထားပါတယ်။ မိတ်ဆက်ပွဲမှာ Mi 11 ၁ လုံးထဲကိုပဲ ကြေညာခဲ့ပေမယ့် Periscope Lens ပါတဲ့ Mi 11 Pro ကိုလည်း နောက်ပိုင်းမှာ ချပြနိုင်ပါတယ်။ Mi 11 Pro ရဲ့ သတင်းအချက်အလက်တွေ အွန်လိုင်းမှာ ပေါက်ကြားနေပေမယ့် ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။
Ref : gizmochina