iPhone 13 မှာ LEO (Low-earth-orbit) ဂြိုလ်တု ဆက်သွယ်ရေးပါလာမှာ ဖြစ်တဲ့အတွက် ဆယ်လူလာ ဆက်သွယ်မှု မရတဲ့အချိန်မှာ ဖုန်းပြောတာ၊ စာပို့တာတွေ ပြုလုပ်နိုင်မယ်လို့ မကြာခင်ကပဲ နာမည်ကျော် လေ့လာဆန်းစစ်သူ ၁ ယောက်က သတင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီ ဂြိုလ်တု ဆက်သွယ်ရေးကို နိုင်ငံတချို့မှာပဲ အသုံးပြုလို့ရနိုင်မယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။
ဂြိုလ်တု ဆက်သွယ်ရေးကို ဆယ်လူလာ မရတဲ့ ဒေသတွေမှာပဲ အသုံးပြုခွင့်ပေးမှာ ဖြစ်တဲ့အတွက် နိုင်ငံ အားလုံးမှာ မထောက်ပံ့နိုင်ပါဘူး။ ဒီနည်းပညာကို iPhone မှာ ထည့်သွင်းရတာ ခက်ခဲပြီး အဲဒီ နည်းပညာအတွက် Hardware တွေဟာလည်း အဆင်သင့် မဖြစ်နိုင်သေးဘူးလို့ တချို့က သုံးသပ်ကြပါတယ်။ ဒါ့အပြင် နဂိုကတည်းက တန်ဖိုးကြီးတဲ့ iPhone တွေဟာ ဒီနည်းပညာကြောင့် ပိုဈေးမြောက်သွားနိုင်ပါတယ်။
Apple ဟာ ဒီလုပ်ဆောင်ချက်ကို နည်းလမ်း ၂ ခုနဲ့ ဖန်တီးနေပါတယ်။ ၁ ခုက Short Emergency Text တွေထုတ်လုပ်တာနဲ့ နောက် ၁ ခုက SOS Distress Signals တွေ ပေးပို့တာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတာ၊ သင်္ဘောနစ်မြုပ်တာတို့လို အရေးပေါ် အခြေအနေတွေမှာ ဆယ်လူလာ ဆက်သွယ်မှု မရရင်လည်း ဒီနည်းပညာက အလုပ်လုပ်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂြိုလ်တု ဆက်သွယ်မှုကို အသုံးပြုရင် လိုင်းမိဖို့ ၁ မိနစ်၊ ၂ မိနစ်လောက် ကြာမြင့်နိုင်သလို iPhone 13 User တွေဟာ LEO ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုဖို့ နေအိမ်ပြင်ပကို ထွက်ရမှာ ဖြစ်ပါတယ်။ Apple ဟာ iPhone 13 Series ကို ဒီလထဲမှာ ကြေညာမယ်လို့ ထင်ရပြီး ဂြိုလ်တု ဆက်သွယ်ရေး လုပ်ဆောင်ချက်ကိုပါ မိတ်ဆက်မလားဆိုတာ သေချာတဲ့ အထောက်အထားတွေ မတွေ့ရသေးပါဘူး။
Ref : gizmochina