Samsung ဟာ Android 12 beta ကို အားလုံးမျှော်လင့်ထားတာထက်စောပြီး မိတ်ဆက်နိုင်ခဲ့တာပါ။ ဒါကြောင့် Stable ထုတ်လွှတ်ပေးချိန်ကလည်း ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်ခဲ့တာထက် ပိုပြီးစောသွားနိုင်တယ်လို့ ယုံကြည်ရပါတယ်။ အခုလည်း Samsung ရဲ့ ဝန်ထမ်းတစ်ဦးက Stable update နဲ့ပတ်သက်တဲ့ သတင်းကောင်းတစ်ခုကို ထုတ်ဖော်လာပါတယ်။

Galaxy S21 ရဲ့ Android 12 Beta ဟာ ပြီးမြောက်သွားပြီဖြစ်တာကြောင့် မကြာတော့တဲ့အချိန်ကာလမှာ Stable Update ထွက်လာမှာဖြစ်တယ်လို့ Samsung ရဲ့ ဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းက တရားဝင်မဟုတ်ပေမဲ့ ကိုရီးယားက Samsung ရဲ့ဖိုရမ်တွေမှာ “Beta Operations Manager” က ပြောထားတယ်ဆိုပြီး ဖော်ပြနေကြတာလည်း ဖြစ်ပါတယ်။

သတင်းတွေအရ Samsung ဟာ Galaxy S21 မှာ ပဥ္စမမြောက် Android 12 Beta ကို ထုတ်ပေးတော့ဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ နောက်ထပ် Beta ထုတ်လွှတ်ပေးမဲ့အစား ကုမ္ပဏီဟာ Stable Update ထုတ်ပေးဖို့ကိုပဲ အာရုံစိုက်တော့မှာ ဖြစ်ပါတယ်။ Stable Update မှာတော့ ပြီးခဲ့တဲ့ စတုတ္ထမြောက် Beta မှာတွေ့ခဲ့ရတဲ့ Bugs အနည်းငယ်ကို ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Samsung ဟာ Android 12 Beta ကို စက်တင်ဘာလမှာ Galaxy S21 မှာ ပထမဆုံးမိတ်ဆက်ခဲ့တာပါ။ ပထမဆုံး ထုတ်လွှတ်မှုမှာ အကန့်အသတ်နဲ့ ပြောင်းလဲမှုအချို့ရှိခဲ့ပေမဲ့ နောက်ဆက်တွဲထုတ်လွှတ်မှုတွေမှာတော့ Android 12 ရဲ့ Dynamic Color feature လိုမျိုး အဓိကလုပ်ဆောင်ချက်တွေအပါအဝင် ပိုပြီးထင်သာမြင်သာရှိတြ့ ပြောင်းလဲမှုတွေကို သယ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။

Ref: 9To5Google