Apple iPhone တွေရဲ့ မာကျောကြံ့ခိုင်တဲ့ စွမ်းရည်နဲ့ ပတ်သက်တဲ့ သတင်းများစွာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ထွက်ခဲ့ပါတယ်။ ရေအောက်ထဲမှာ အချိန်ကာလတော်တော်ကြာ နစ်မြုပ်နေပေမယ့် ပကတိ အကောင်းအတိုင်း ရှိနေတဲ့ iPhone အကြောင်း ဖတ်ခဲ့ရပြီးပါပြီ။ အမြင့်ကနေ ပျံသန်းနေတဲ့ လေယာဉ်ကနေ ပြုတ်ကျတဲ့ iPhone ဟာလည်း ပျက်ဆီးသွားခြင်း မရှိတဲ့ သတင်းကို သိခဲ့ရပြီးပါပြီ။
အခုလည်း လေယာဉ်ပြေးလမ်းမှာ ၁ နာရီ မိုင် ၅၀၊ ၆၀ နှုန်းနဲ့ ပျံတက်ဖို့ ပြုလုပ်နေတဲ့ လေယာဉ်ကနေ ပြုတ်ကျသွားတဲ့ iPhone ဟာ အကောင်းပကတိအတိုင်း ရှိနေသေးတယ်ဆိုတဲ့ သတင်း ၁ ပုဒ်တက်လာပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်က Orlando Executive လေဆိပ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Seminole အမည်ရ အသေးစား လေယာဉ်ကနေ ဖုန်း ပြုတ်ကျခဲ့တာပါ။ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ပိုင်းလော့ရဲ့ iPhone ပြုတ်ကျသွားတာလို့ သိရပါတယ်။
ပိုင်းလော့ဟာ ဖုန်း ပြုတ်ကျသွားတာနဲ့ Air Traffic Control ကို အကြောင်းကြားခဲ့ပြီး ခွင့်ပြုချက်ရတာနဲ့ iPhone ကို သွားရှာခဲ့ပါတယ်။ iPhone ဟာ ပျက်ဆီးမှု မရှိဘဲ ကောင်းကောင်း သုံးလို့ရနေတဲ့အတွက် သူ အံ့အားသင့်ခဲ့ရပါတယ်။
အမြင့်ကနေ ပြုတ်ကျတဲ့ iPhone တွေဟာ မျက်နှာပြင်တောင် မကွဲအက်ဘဲ ကောင်းကောင်း သုံးလို့ရတဲ့ အလားတူ သတင်းတွေ အရင်က ဖတ်ခဲ့ရပြီးပါပြီ။ ဒါပေမယ့် တချို့ ဖြစ်ရပ်တွေမှာလည်း မျက်နှာပြင် ကွဲအက်သွားခဲ့ကြပါတယ်။ အခုဖြစ်ရပ်မှာ ကံကောင်းတယ်လို့ ပြောရမှာ ဖြစ်ပြီး Apple ရဲ့ အင်ဂျင်နီယာ အဖွဲ့ကို ချီးကျူးရမှာပါ။
Ref : gizmochina