အခုနှစ်ပိုင်းမှာ NFT စျေးကွက်ဟာ အလွန်အောင်မြင်လာသလို Artist တွေနဲ့ အနုပညာရှင်အများအပြားကလည်း ကိုယ်ပိုင် NFT တွေကို ထုတ်လုပ်ရောင်းချဖို့ စီစဥ်နေကြတာဖြစ်ပါတယ်။ အခုလည်း နာမည်ကြီး Hip Hop Rapper တစ်ဦးဖြစ်တဲ့ Snoop Dogg ကနေ ပထမဆုံးအနေနဲ့ ကိုယ်ပိုင် NFT ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Snoop Dogg ရဲ့ NFT ကိုတော့ “Decentralized Dogg” လို့ နာမည်ပေးထားပြီး SuperRare မှာ Mint ပြုလုပ်ထားတာဖြစ်ပါတယ်။ အဆိုပါ NFT ကို ရေးဆွဲပေးထားတာကတော့ နာမည်ကြီး Digital Multimedia Artist တစ်ဦးဖြစ်တဲ့ Coldie ကနေ ရေးဆွဲပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ Decentralized Dogg နာမည်နဲ့ Snoop Dogg ရဲ့ NFT ဟာ SuperRare မှာ လာမယ့် သောကြာနေ့အထိ လေလံတင်ထားမှာဖြစ်ပြီး နောက်ဆုံးအနေနဲ့ ဘယ်စျေးနဲ့ ရောင်းထွက်သွားမလဲဆိုတာက စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ အခုလောလောဆယ်မှာတော့ အမြင့်ဆုံးအနေနဲ့ 169 Ether (ETH) သို့မဟုတ် ဒေါ်လာ ၇၆၀,၀၀၀ အထိရရှိထားပြီးဖြစ်ပါတယ်။

Snoop Dogg ရဲ့ Interview တစ်ခုမှာ အဆိုပါ NFT စျေးကွက်ဟာ သူ့အတွက် အလုပ်လုပ်တဲ့ပုံစံတစ်ခုလုံးကိုပါ ပြန်လည်စဥ်းစားစေခဲ့ပြီးတော့ အနုပညာတွေကို ချပြဖို့အတွက် ပုံစံကိုလည်း ပြောင်းလဲဖို့အတွက် စိတ်ကူးရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ ဒါကြောင့် နောက်ပိုင်းမှာ NFT အနေနဲ့ ရောင်းချမှုတွေကို ဆက်လက်ပြုလုပ်သွားဖွယ်ရှိနေပါတယ်။

Ref – Coin Telegraph