MediaTek ဟာ နာမည်ကြီး Benchmarks တွေမှာ စမ်းသပ်ထားတဲ့ သူ့ရဲ့ Dimensity 9000 သုံး Device တွေကို ထုတ်ဖော်ကြွားဝါခဲ့ပါတယ်။ Qualcomm နဲ့ ပုခုံးချင်းယှဉ်နေကြတဲ့ ဒီအမှတ်တံဆိပ်နှစ်ခုဟာ အနိုင်အရှုံးက မပြတ်သားသေးပါဘူး။ CPU တိုက်ပွဲမှာတော့ Dimensity က အသာရသွားပြီး GPU တိုက်ပွဲမှာတော့ Qualcomm က အသာရထားပါတယ်။ ဒါပေမဲ့ နှစ်မျိုးစလုံးမှာ ပြတ်ပြတ်သားသားကွာခြားသွားကြတာမဟုတ်ဘဲ နှာတစ်ဖျားသာကြတယ်ဆိုရုံလောက်ပါပဲ။

AnTuTu (v9.0.7) မှာ Dimensity 9000 ဟာ ရမှတ် 1,017,488 အထိ ရခဲ့ပါတယ်။ ရမှတ် တစ်သန်းကို ကျော်ဖြတ်သွားမယ်လို ခန့်မှန်းထားကြသလိုပါပဲ။ Snapdragon ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမဲ့ စမ်းသပ်မှုတွေမှာ ဗားရှင်းကွာခြားမှုတွေရှိနေသေးတာကြောင့် နောက်ဆုံးရလဒ်အဖြစ် အတည်ပြုသတ်မှတ်လို့တော့ မရသေးပါဘူး။

Geekbench မှာတော့ Dimensity ဟာ Single-core အတွက် 1,273 ရခဲ့ပြီး Multi-core အတွက် 4,324 မှတ် ရရှိခဲ့ပါတယ်။ Snapdragon 8 Gen 1 နဲ့ Galaxy S22 Ultra က 1,219 နဲ့ 3,154 မှတ်စီ အသီးသီး ရရှိခဲ့တာကို   တွေ့ရပါတယ်။ Galaxy Tab S8+ မှာတော့ Multi-core ရမှတ်တွေပိုကောင်းခဲ့ပေမဲ့ 4,000 အောက်ပဲ ရှိနေခဲ့တာဖြစ်ပါတယ်။

Dimensity 9000 ဟာ Cortex-X2 မှာ 3.05 GHz, Cortex-A7 10 cores သုံးခုမှာ 2.85 GHz နဲ့ A510 cores လေးခုမှာ 1.8 GHz clock speeds တွေ ရှိနေကြပါတယ်။ Snapdragon ကတော့ x2 မှာ 3.0 GHz run ပြီး A710 မှာ 2.5 GHz နဲ့ A510 မှာ 1.8 GHz clock speeds အသီးသီး ရှိနေပါတယ်။ ရမှတ်ကွာခြားချက်ဟာ Middle cluster ကြောင့် ဖြစ်ပေါ်လာပုံရပါတယ်။

GPU ပိုင်းမှာတော့ MIdeaTek ရဲ့ Chip ဟာ GFXBenc v3.0 Manhattan စမ်းသပ်မှုမှာ 238 fps ရှိခဲ့ပြီး၊ Snapdragon ကတော့ Apple A15 နဲ့အတူ 267 fps ဖြစ်ခဲ့ပါတယ်။ Manhattan version 3.1 စမ်းသပ်မှုမှာတော့ Dimensity ဟာ 162 fps ဖြစ်ပြီး Snapdragon ကတော့ 176 fps ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အခြားစမ်းသပ်မှုရလဒ်တွေမှာလည်း မတိမ်းမယိမ်းသာဖြစ်နေတာကို တွေ့မြင်ရပါတယ်။

Ref: GSM Arena