Apple ဟာ လက်ရှိအချိန်မှာ iPhone ၊ iPadတွေအပြင် Mac ကွန်ပျူတာတွေအတွက်ပါ ကိုယ်ပိုင် Processor Chip တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုထပ်မံသိရတဲ့သတင်းတွေအရတော့ Apple ဟာ တခြားသောကိုယ်ပိုင် Chip တွေကို ထပ်မံထုတ်လုပ်သွားဦးမှာပါ။
ဒါကတော့ Bloomberg Media ကနေ ဖော်ပြခဲ့တာဖြစ်ပြီး လက်ရှိ Apple ကနေ Broadcom နဲ့ Skyworks ကုမ္ပဏီတွေကနေ ရယူနေတဲ့ Chip တွေကို ကိုယ်ပိုင်ထုတ်လုပ်နိုင်ဖို့ စီစဥ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီအတွက်ကိုလည်း ရုံးခန်းနေရာအသစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Bloomberg ရဲ့ ပြောကြားချက်အရတော့ လက်ရှိအချိန်မှာ အဆိုပါ ရုံးခန်းနေရာအသစ်ဟာ အစောပိုင်းအဆင့်မှာပဲရှိနေသေးပေမယ့် နောက်ပိုင်းမှာတော့ Wireless Radio ၊ Radio Frequency Integrated Circuit တွေနဲ့ Wireless System-on-a-Chip တွေကို ဦးစားပေးထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အထူးသဖြင့် Bluetooth နဲ့ Wi-Fi နဲ့ သက်ဆိုင်တဲ့ Semiconductor Chip တွေကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
Apple ဟာ လက်ရှိအချိန်မှာ အဓိကအနေနဲ့ A Series Chip တွေကို ကိုယ်တိုင်ထုတ်လုပ်နေတာဖြစ်ပေမယ့် Power Management ၊ USB Connectivity ၊ Wireless Charging နဲ့ တခြားသောအစိတ်အပိုင်းတွေအတွက် Chip တွေအများအပြားကို Skyworks နဲ့ Broadcom လိုမျိုး Third-party ကုမ္ပဏီတွေကနေ ရယူနေရတာဖြစ်ပါတယ်။ ဒီအတွက် Apple ကနေ အခုလိုမျိုး Third-party ကုမ္ပဏီတွေကို မှီခိုမှုကို လျော့ချသွားဖို့ စီစဥ်နေပုံရပါတယ်။
Apple ဟာ လက်ရှိ iPhone တွေမှာ အသုံးပြုနေရတဲ့ Qualcomm ကနေ ထုတ်လုပ်ပေးထားတဲ့ Qualcomm 5G Modem တွေကိုလည်း ကိုယ်ပိုင်အနေနဲ့ ပြောင်းလဲအသုံးပြုသွားဖို့ စီစဥ်နေတာဖြစ်ပြီး အစောဆုံး လာမယ့် ၂၀၂၃ ခုနှစ်မှာ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Apple iPhone တွေဟာ လုံးဝကို ကိုယ်ပိုင် Chipset တွေကိုပဲ အသုံးပြုလာတော့မှာပါ။
Ref – The Verge