Samsung ဟာ သူတို့ရဲ့ ပထမဦးဆုံး “Ultra” tablet အတွက်လုပ်ဆောင်နေပေမဲ့ ဒီလိုအကြံအစည်ဟာ တောင်ကိုရီးယားကုမ္ပဏီတစ်ခုတည်းမှာ ရှိနေတာမဟုတ်ဘူးလို့ ဆိုရပါတော့မယ်။ အကြောင်းက အမေရိကန်အခြေစိုက်ကုမ္ပဏီကြီးဖြစ်တဲ့ Apple ကလည်း 15-inch iPad ကို ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း သတင်းထွက်လာတာကြောင့် ဖြစ်ပါတယ်။

Apple ဟာ သူတို့ရဲ့ 15-inch iPad ကို လာမဲ့ ၂၀၂၂ ခုနှစ်ထဲမှာ ပွဲထုတ်ဖို့ အဆင်သင့်မဖြစ်သေးဘဲ မိတ်ဆက်ချိန်ကတော့ အနည်းငယ်နောက်ကျသွားလိမ့်မယ်လို့ Bloomberg က ရေးသားဖော်ပြထားပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာမြင်တွေ့ရမဲ့ မျက်နှာပြင်ကြီးတဲ့ Tablet ဟာ Samsung အမှတ်တံဆိပ်ပဲဖြစ်လာမယ်ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး။

လက်ရှိအနေအထားအရ Samsung Galaxy Tab S8 Ultra ဟာ မျက်နှာပြင်ကြီးမားတဲ့ Tablet တွေအတွက် အနာဂတ်တံခါးကို ဆွဲဖွင့်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနောက်ပိုင်းဖြစ်ပေါ်လာမဲ့ အခြေအနေတွေကို တုံ့ပြန်ဖို့အတွက် Apple ကလည်း ပြင်ဆင်နေတယ်လို့ ယုံကြည်ရပါတယ်။ 15-inch iPad ဈေးကွက်ထဲရောက်ချိန်မှာ Galaxy Tab S8 Ultra ဟောင်းနေလောက်ပါပြီ။

ဒါပေမဲ့ “Ultra” tablet စီးရီးတွေကတော့ မော်ဒယ်အသစ်တွေနဲ့ ဆက်လက်ထွက်ရှိလာမဲ့ ပုံစံမျိုးကိုလည်း မျှော်မှန်းနိုင်ပါတယ်။ ကောလာဟလအချို့ကတော့ Apple ရဲ့ 15-inch iPad ဟာ PC လိုမျိုးပဲ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ Apple ဟာ တီထွင်ဆန်းသစ်မှုပိုင်းမှာ အစဉ်အလာရှိတဲ့ အမှတ်တံဆိပ်ဖြစ်တာကြောင့် ဘယ်လိုအံ့အားသင့်စရာတွေ မြင်တွေ့ရဦးမလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: SamMobile