Samsung ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေမှာ Android OS ကိုပဲ အသုံးပြုနေသလို Galaxy Smartwatch လိုမျိုး Wearable တွေမှာလည်း ကိုယ်ပိုင် Tizen OS အစား Google Wear OS နဲ့ ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။ ဟိုးယခင်တုန်းကဆိုရင် Samsung က စမတ်ဖုန်းတွေထဲမှာတောင်မှ Android အစား ကိုယ်ပိုင် Tizen OS အသုံးပြုထားတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ Samsung Tizen OS ကို အသုံးပြုနေတဲ့ Device တွေကို ထုတ်လုပ်ခြင်းမရှိတော့တာကြောင့် Tizen App Store ဟာလည်း အသုံးပြုနိုင်ခြင်းမရှိတော့ဘဲ ပိတ်ချခံလိုက်ရပြီလို့ သိရပါတယ်။ ဒါကြောင့် အခုမှ အသုံးပြုတဲ့သူတွေပဲဖြစ်ဖြစ်၊ ယခင်တုန်းက အသုံးပြုနေတဲ့သူတွေပဲဖြစ်ဖြစ် Tizen OS ပေါ်မှာ App တွေ၊ Software တွေ အသုံးပြုနိုင်မှာမဟုတ်တော့ပါဘူး။

ဒီလိုမျိုး Tizen App Store ကို ပိတ်ချဖို့အတွက်ကို Samsung ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက စတင်ဆောင်ရွက်နေခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက အသုံးပြုနေဆဲဖြစ်တဲ့သူတွေကိုပဲ သူတို့ အသုံးပြုနေကြ App တွေကို ရရှိအောင်ဖွင့်ထားပေးခဲ့တာဖြစ်ပါတယ်။ အခုပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ Tizen App Store ကို လုံးဝပိတ်ချလိုက်တာကြောင့် ဘယ်လိုမှအသုံးပြုနိုင်မှာမဟုတ်တော့ပါဘူး။

Samsung Tizen OS ကို အသုံးပြုထားတဲ့ နောက်ဆုံးသော စမတ်ဖုန်းဟာ Samsung Z4 စမတ်ဖုန်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း Galaxy Smartwatch တွေဟာ အလားတူ Tizen OS ကနေ Google Wear OS ကိုပဲ ပြောင်းလဲသွားတော့မှာဖြစ်တာကြောင့် ထောက်ပံ့မှုတွေကိုလည်း ရပ်ဆိုင်းသွားဖွယ်ရှိနေပါတယ်။

Ref – GSM Arena