Samsung ဟာ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ Galaxy S22 Series Flagship ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုး မိတ်ဆက်ဖို့အချိန်နီးကပ်လာတာနဲ့အတူ Galaxy S22 Series ဖုန်းတွေရဲ့သတင်းတွေလည်း ဆက်တိုက်ပေါက်ကြားနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Samsung Galaxy S22 Series ဖုန်းတွေရဲ့ Charging Speed နဲ့ ပတ်သက်ပြီး သတင်းမျိုးစုံထွက်ပေါ်နေခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ 3C Certification အရတော့ Galaxy S22 Series ဖုန်းအကုန်လုံးမှာ 25W Charging ပဲ Support ပြုလုပ်မှာဖြစ်ပြီး Denmark နိုငံမှာတော့ Galaxy S22+ နဲ့ S22 Ultra ဖုန်းတွေက 45W Charging Support ပြုလုပ်နိုင်မယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Galaxy S22+ ဖုန်းတွေဖြစ်တဲ့ SM/S906E/DS, SM-906E, SM-S9060 နဲ့ S22 Ultra (SM-S908E/DS, SM-908E, SM-S9080, SC-52C, SCG14) ဖုန်းတွေဟာ ဝယ်ယူတဲ့နိုင်ငံပေါ်မူတည်ပြီး 25W Charging သို့မဟုတ် 45W Charging ပါဝင်မယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ပုံမှန် Galaxy S22 ဖုန်းအနေနဲ့ကတော့ 45W Charging ကို Support ပေးနိုင်မှာမဟုတ်ဘဲ 25W Charging ကိုပဲထောက်ပံ့ပေးမှာဖြစ်ပါတယ်။
Samsung Galaxy S22 ဖုန်းဟာ 3700mAh Battery ပါဝင်မှာဖြစ်ပြီး S22+ ဖုန်းက 4500mAh နဲ့ S22 Ultra ဖုန်းမှာတော့ 5000mAh Battery တွေအသီးသီးပါဝင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘယ် Charging Speed နဲ့ ရောင်းချမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – GSM Arena