လက်ရှိအချိန်မှာ ရုရှားနိုင်ငံကနေ ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်မှုတွေဟာ အလွန်ပြင်းထန်နေပြီး တကမ္ဘာလုံးကလည်း အခုလိုစစ်ပွဲကို ရပ်တန့်နိုင်စေဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြတာဖြစ်ပါတယ်။
အခုလည်း Google ကနေ Google Maps ရဲ့ အသုံးအဝင်ဆုံး Feature တစ်ခုကို ယူကရိန်းနိုင်ငံအတွင်းမှာ အသုံးပြုနိုင်ခြင်းမရှိအောင် ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ဒါကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ယာဥ်ကြောပိတ်ဆို့မှုတွေကို သိနိုင်တဲ့ Live Traffic Data တွေ ဖော်ပြနေမှုကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
ဒီလိုမျိုး Live Traffic Data ဖော်ပြမှုကို ရပ်ဆိုင်းလိုက်တာက သက်ဆိုင်ရာနိုင်ငံတွင်းတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပြီး လူစုလူဝေးတွေနဲ့ အသင်းအဖွဲ့တွေရဲ့ သွားလာမှုကို သိရှိနိုင်ခြင်းမရှိအောင် ကာကွယ်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
Google Maps ကနေ Live Traffic Data ကို ဖော်ပြခဲ့မှုကြောင့် ယခင်တုန်းက ယူကရိန်းနိုင်ငံအတွင်းကို ရုရှားနိုင်ငံမှ သံချပ်ကားတွေဝင်ရောက်မှုကို သိရှိခဲ့ရသလို တခြားသော စစ်ဘေးရှောင်မှုတွေကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေကိုလည်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး Live Traffic Data ကို ဖော်ပြခြင်းမရှိတော့တာက နိုင်ငံတွင်း သွားလာမှုကို အနည်းနဲ့အများပိုပြီး ခက်ခဲသွားစေမှာဖြစ်ပါတယ်။
Ref – 9to5Google