Samsung ရဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေဟာ Apple Watch ကို ယှဉ်ပြိုင်နေပါတယ်။ Samsung ရဲ့ ပြီးခဲ့တဲ့ နှစ် စမတ်နာရီ ရောင်းအားဟာ အရမ်းကောင်းခဲ့တဲ့အတွက် Google ရဲ့ Wear OS အခြေပြု Galaxy Watch4 Series ဟာ လူကြိုက်အရမ်းများတယ်ဆိုတာ သေချာပါတယ်။ Samsung ဟာ ဒီနှစ်ထဲ ကြေညာမယ့် နောက်မျိုးဆက် စမတ်နာရီတွေကို စတင် ဖန်တီးနေပြီ ဖြစ်ပြီး မကြာခင်က Galaxy Watch5 မှာ အရေပြား အပူချိန်ကို တိုင်းတာပေးတဲ့ စွမ်းရည် ထည့်သွင်းထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။
အခုတော့ SamMobile က အဲဒီ စမတ်နာရီရဲ့ ဘက်ထရီကို တောင်ကိုရီးယားမှာ မှတ်ပုံတင်ထားပြီး 276mAh ဘက်ထရီ ထည့်သွင်းထားကာ Galaxy Watch4 ရဲ့ 247mAh ဘက်ထရီထက် ပိုမိုကြီးမားလားမှာ ဖြစ်ပါတယ်။ Galaxy Watch4 ရဲ့ ဘက်ထရီ သက်တမ်းဟာ ၂ ရက်လောက်ပဲ အသုံးခံတဲ့အတွက် Galaxy Watch5 မှာ ပိုကြီးတဲ့ ဘက်ထရီ ထည့်သွင်းပေးထားတာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။
ဘက်ထရီ ပိုကြီးသွားပေမယ့် ဘက်ထရီ သက်တမ်း ပိုကောင်းမယ်လို့ မဆိုလိုနိုင်ပါဘူး။ Chipset ရဲ့ စွမ်းအင် စားသုံးမှုနဲ့ ထည့်သွင်းထားတဲ့ တခြား Hardware တွေအပေါ်မှာလည်း ဘက်ထရီ သက်တမ်းက မူတည်နေပါသေးတယ်။ အရေပြား အပူချိန် တိုင်းတာပေးတဲ့ Sensor အသစ်ကြောင့်လည်း ဘက်ထရီ စားသုံးမှု ပိုများလာနိုင်ပါတယ်။
Galaxy Watch5 ရဲ့ သတင်းတွေ ထွက်ပေါ်လာနေပေမယ့် မကြာခင် ကြေညာမှာ မဟုတ်သေးပါဘူး။ Samsung ရဲ့ ထုံးစံအရ ၂၀၂၂ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကျင်းပမယ့် Unpacked Event မှာ Galaxy Watch5 ကို ကြေညာနိုင်ပါတယ်။
Ref : androidpolice