Samsung ရဲ့ ဒုတိယ ဥက္ကဌနဲ့ CEO ဖြစ်သူ Jong-Hee Han က ကုမ္ပဏီရဲ့ နှစ်စဉ်ပြုလုပ်တဲ့ ရှယ်ယာရှင်တွေ့ဆုံပွဲမှာ GOS ကိစ္စကြောင့် သုံးစွဲသူတွေကို တရားဝင် တောင်းပန်လိုက်ပါတယ်။ CEO က Samsung ဟာ သုံးစွဲသူတွေရဲ့ ပြဿနာကို ထည့်သွင်း မစဉ်းစားမိဘူးလို့ ဝန်ခံလိုက်ပြီး နောက်ထပ် ဒီလို ပြဿနာမျိုး မဖြစ်အောင် သုံးစွဲသူတွေရဲ့ စကားသံတွေကို အနီးကပ် လေ့လာစောင့်ကြည့်မယ်လို့ ပြောပါတယ်။
ဇာတ်ရည်လည်အောင် ပြောပြရရင် Samsung ရဲ့ Game Optimizations Service (GOS) ကို နောက်ဆုံးထုတ် Galaxy S စမတ်ဖုန်း၊ တက်ဘလက်တွေနဲ့ စွမ်းရည်မြင့် Device အဟောင်းတချို့မှာ ထည့်သွင်းထားပါတယ်။ အဲဒီ Service ဟာ ဂိမ်း ကစားနေစဉ်မှာ ဘက်ထရီ သက်တမ်း တိုးမြှင့်ပေးဖို့အတွက် System စွမ်းဆောင်ရည်ကို တိုးတက်အောင် ချိန်ညှိပေးပါတယ်။ ဒါပေမယ့် App ပေါင်း ၁၀,၀၀၀ ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းအောင် ပြုလုပ်ထားတယ်ဆိုတာ နောက်ပိုင်းမှာ တွေ့ရှိခဲ့ရပါတယ်။
သုံးစွဲသူတွေအတွက် GOS ကို ပိတ်ထားလို့ရတဲ့ ရွေးချယ်မှုကို မပံ့ပိုးပေးထားတာက ဒီပြဿနာကို ပိုဆိုးသွားစေပါတယ်။ ဒါ့အပြင် GOS ဟာ Geekbench လို Benchmarking Apps တွေကို Whitelist ထဲ ထည့်သွင်းထားပုံရပါတယ်။ အဲဒီအတွက် Geekbench က နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Galaxy S မျိုးဆက် ၄ ဆက်နဲ့ Galaxy Tab S8 Series တွေကို ပလက်ဖောင်းကနေ ပိတ်ပင်ခဲ့ပါတယ်။
Samsung ဟာ GOS ကြောင့် ဖြစ်လာတဲ့ CPU နဲ့ GPU ကန့်သတ်ချက်တွေကို ကာကွယ်ပေးမယ့် Software Update ၁ ခုကို Galaxy S22 Series အတွက် တောင်ကိုရီးယားမှာ ဖြန့်ချိပေးထားပါတယ်။ အလားတူ Update ကို စွမ်းဆောင်ရည်မြင့် Galaxy S စမတ်ဖုန်း အဟောင်းနဲ့ တက်ဘလက်တွေမှာလည်း ရတော့မယ်လို့ ထင်ရပါတယ်။
Ref : gsmarena