အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာ နှစ်အလိုက် စမတ်ဖုန်းထုတ်လုပ်မှုကို လျှော့ချဖို့ စီစဉ်ခဲ့ပါတယ်။ အခုတော့ Apple လိုပဲ တောင်ကိုရီးယားရဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကလည်း သူ့ရဲ့ စမတ်ဖုန်းထုတ်လုပ်မှုတွေကို လျှော့ချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Samsung က အခုလိုမျိုးထုတ်လုပ်မှုလျှော့ချဖို့ စီစဉ်ရတဲ့အကြောင်းရင်းတွေထဲမှာ ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းမြင့်တက်မှုနဲ့ ရုရှား−ယူကရိန်းကြား ဖြစ်ပွားတဲ့စစ်ရဲ့ ရိုက်ခတ်မှုအဖြစ် ဝယ်လိုအားလျော့ကျလာနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ နာမည်ကြီး မီဒီယာဖြစ်တဲ့ GSM Arena ကတော့ ငွေကြေးဖောင်းပွမှုနဲ့ နောက်ဆက်တွဲ စားသုံးသူအသုံးစရိတ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ အစိတ်အပိုင်းပြတ်လပ်မှုနဲ့ ယူကရိန်းစစ်ပွဲ စတဲ့ အချက်သုံးချက်ကြောင့် ဖြစ်တယ်လို့ သုံးသပ်ရေးသားထားပါတယ်။

Apple က Low နဲ့ Mid-range ဈေးတန်းဖုန်းတွေထုတ်လုပ်မှုကို လျှော့ချလိုက်သလိုပဲ Samsung လည်း Mid ကနေ Low-end စမတ်ဖုန်းတွေရဲ့ ထုတ်လုပ်မှုကို လျှော့ချဖွယ်ရှိနေတာပါ။ တောင်ကိုရီးယားအခြေစိုက် သတင်းဌာနကြီးတစ်ခုကတော့ Samsung Electronic ဟာ Flagships (High-priced mobile phone) မော်ဒယ်တွေရဲ့ ထုတ်လုပ်မှုတွေကိုပါ လျှော့ချသွားဖွယ်ရှိတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Samsung ဟာ ၂၀၂၂ ခုနှစ်အတွက် စမတ်ဖုန်းအလုံးရေ သန်း ၃၁၀ ထုတ်လုပ်ဖို့ ကနဦးစီစဉ်ထားပေမဲ့ နောက်ဆုံးတွက်ချက်မှုအခြေအနေတွေအရ ထုတ်လုပ်မှုပမာဏကို သန်း ၂၈၀ အထိ လျှော့ချသွားဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမသုံးလပတ်ကာလအတွင်း ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုပမာဏမှာ ၇၃.၇ သန်းရှိခဲ့ပေမဲ့ Samsung အနေနဲ့ သူတို့ရဲ့ရည်မှန်းချက်တွေကို ပြန်ပြီးချိန်ညှိဖို့လိုအပ်လာတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena