Samsung ဟာ Galaxy Watch5 မျိုးဆက်အတွက် မော်ဒယ် ၃ မျိုး ထုတ်လုပ်မယ်လို့ သတင်းပေါက်ကြားနေပါတယ်။ အဲဒီ စမတ်နာရီတွေရဲ့ လျှို့ဝှက်နာမည်တွေက Heart-S, Heart-L နဲ့ Heart-Pro တို့ ဖြစ်ပြီး ရိုးရိုး နဲ့ Pro မော်ဒယ်တွေရဲ့ 40mm နဲ့ 44mm အရွယ်အစားတွေကို ရည်ညွှန်းပုံရပါတယ်။ ဒါပေမယ့် Classic Version တော့ ဒီတစ်ကြိမ်မှာ မပါလာပါဘူး။
အဲဒီအတွက် Rotating Bezel မပါလာတော့ဘူးလားလို့ မေးစရာရှိလာပါတယ်။ Watch4 Classic မှာပဲ Rotating Bezel ပါလာပြီး ရိုးရိုး မော်ဒယ်မှာ မပါလာပါဘူး။ Galaxy Watch5 Pro မော်ဒယ်မှာလည်း အဲဒီ စတိုင် အတိုင်းပဲ ထွက်လာမယ်လို့ ထင်ရပါတယ်။
Leakster Ice Universe က ဒီအကြောင်းကို ရှင်းပြထားပါတယ်။ အရင်ကထုတ်တဲ့ Samsung စမတ်နာရီ တချို့မှာ အဲဒီ ဟာ့ဒ်ဝဲ လုပ်ဆောင်ချက်ကို ထိတွေ့မျက်နှာပြင်နဲ့ အစားထိုးထားပါတယ်။ ဒါပေမယ့် ထင်သလောက် သုံးလို့ မကောင်းပါဘူး။ Rotating Bezel ဟာ နာရီရဲ့ ရေစိုခံစွမ်းရည်နဲ့ ကြံ့ခိုင်မှုကို မထိခိုက်စေဘဲ စမတ်နာရီ ဈေးကွက်မှာ တစ်မူထူးခြားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အဲဒီအတွက် Samsung ဟာ ဘာလို့ ဖယ်ရှားချင်နေသလဲဆိုတာ စဉ်းစားမရပါဘူး။
Samsung Galaxy Watch5 Pro ရဲ့ သတင်းတွေ အများကြီး ကြားခဲ့ရပြီးပါပြီ။ တိုက်တေနီယမ် ကိုယ်ထည်နဲ့ Sapphire Glass ၊ အရွယ်ကြီး 572mAh ဘက်ထရီနဲ့ ကိုယ်ခန္တာ အပူချိန်တိုင်းတာတဲ့ သာမိုမီတာ ထည့်သွင်းထားမှာပါ။
Watch4 Series ကို ပြီးခဲ့တဲ့နှစ်က Samsung ရဲ့ Foldable အသစ်တွေနဲ့အတူ ကြေညာခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာလည်း အလားတူ ဖြစ်နိုင်ကာ ဩဂုတ်လ အစောပိုင်းမှာ မိတ်ဆက်နိုင်ပါတယ်။
Ref : gsmarena