BYD ဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ Tesla ထက် ရောင်းအားပိုကောင်းခဲ့ပြီး ကမ္ဘာ့ လျှပ်စစ်ကား ဈေးကွက်ကို ဦးဆောင်သူ ဖြစ်လာပါတယ်။ တရုတ် ကုမ္ပဏီဟာ ဒီနှစ် ပထမ ၆ လအတွင်း လျှပ်စစ်ကား အစီးရေ ၆၄၁,၀၀၀ ရောင်းချနိုင်ခဲ့ပြီး Tesla ကတော့ ၅၆၄,၀၀၀ ပဲ ရောင်းချနိုင်ခဲ့ပါတယ်။ BYD ရဲ့ ပထမ ၆ လ ရောင်းအားဟာ အရင်နှစ်ကထက် ၃၀၀ ရာခိုင်နှုန်းတောင် တိုးတက်လာပါတယ်။

BYD

BYD ရဲ့ အရှည်က Build Your Dream ဖြစ်ပြီး တရုတ် နိုင်ငံမှာရော၊ တရုတ် ပြင်ပမှာပါ ဈေးကွက်တိုးချဲ့နေပါတယ်။ တရုတ် တောင်ပိုင်း ဂွန်ဒုံးပြည်နယ်၊ ရှန်ဇန်စီးတီးမှာ ရုံးချုပ် တည်ရှိပါတယ်။

BYD's Flagship Han EV Series Officially Goes on Sale - BYD USA

Tesla ဟာ Covid-19 ကြောင့် ရှန်ဟိုင်း စက်ရုံမှာ အနှောင့်အယှက်တွေ ရှိခဲ့တဲ့အတွက် ရောင်းအားကျဆင်းခဲ့တာလို့ သိရပါတယ်။ Tesla ဟာ အာဏာပိုင်တချို့နဲ့ ပြဿနာတွေ ရှိခဲ့ပြီး Tesla Model Y နဲ့ Model 3 တို့ကို ပြန်လည် ပြင်ဆင်ပေးခဲ့ရပါသေးတယ်။ ကား အစီးရေ ၅၉,၀၀၀ ရဲ့ အရေးပေါ် Call စနစ်မှာ အမှား ဖြစ်ခဲ့တာပါ။ အဲဒီအတွက် Tesla ဟာ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ ရောင်းအားကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ရောင်းအားရဲ့ ၁၈ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။

BYD ဟာ နောက်ထပ် သမိုင်းမှတ်တိုင် ၁ ခုကိုလည်း ချိုးလိုက်ပါသေးတယ်။ အဲဒါကတော့ BYD ဟာ LG ကို ကျော်လွန်ပြီး ကမ္ဘာ့ ဒုတိယ အကြီးမားဆုံး လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်သူ ဖြစ်လာတာပါ။ BYD ဟာ ၂၀၂၂ ခုနှစ် ဧပြီလကတည်းက LG ထက် လစဉ် ပိုမိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ တရုတ်ရဲ့ CATL ကတော့ လျှပ်စစ်ကား ဘက်ထရီ ဈေးကွက်မှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ CATL ဟာ လွန်ခဲ့တဲ့ ၂ ပတ်အကြာက 1,000km အကွာအဝေး မောင်းနှင်နိုင်တဲ့ ဘက်ထရီကို ရောင်းချခဲ့ပါတယ်။

Ref : gizmochina