Apple ရဲ့ Electric Car Project က ထင်ထားတာထက် ပိုပြီးရှည်ကြာလွန်းတဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။ စောင့်ဆိုင်းနေသူတွေက စိတ်မရှည်ဖြစ်နေပေမဲ့ ကုမ္ပဏီကတော့ တစ်ခုချင်းတစ်ခုချင်းကို ဖြည်းဖြည်းမှန်မှန်ပဲ သွားနေတဲ့ပုံပါ။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Lamborghini ရဲ့ Executive တစ်ဦးကို ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

Apple ဟာ သူ့ရဲ့ Electric Car Design ကို ဦးဆောင်ဖို့အတွက် Lamborghini မှာ လုပ်သက် နှစ် ၂၀ ကျော် ရှိခဲ့တဲ့ Luigi Taraborrelli ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ အချက်အလက်တွေအရတော့ Taraborrelli ဟာ Lamborghini မှာ ကိုယ်ထည်နဲ့ ယာဉ်ဒိုင်းနမစ်အင်ဂျင်နီယားရင်းအတွက် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Apple ဟာ မောင်းသူမဲ့ကားကို ထုတ်လုပ်ဖို့ကြိုးစားနေတယ်ဆိုတာ ဆီလီကွန်တောင်ကြားမှာ တစ်ရွာလုံးသိတဲ့လျှို့ဝှက်ချက် ဖြစ်နေတာပါ။ မောင်းသူမဲ့ကား တည်ဆောက်သူအများအပြားက “Disruptive” နည်းပညာလို့ ပြောနေကြပေမဲ့ Apple ကတော့ လူသိရှင်းကြား ထုတ်ပြောတာမျိုး မရှိသေးပါဘူး။ Apple ရဲ့ ကားတည်ဆောက်မှုပရောဂျက်ဟာ “Titan” ဖြစ်ပြီး ရှစ်နှစ်ကြာ ရုန်းကန်နေတာလည်း ဖြစ်ပါတယ်။

ရည်မှန်းချက်ပန်းတိုင်အတွက် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေရှိခဲ့တယ်ဆိုပေမဲ့ ဒီရှစ်နှစ်အတွင်းမှာ ပရောဂျက်ကိုတာဝန်ယူတဲ့ အမှုဆောင်အရာရှိရာထူးမှာ လေးကြိမ်အထိ အပြောင်းအလဲ ရှိခဲ့ပါတယ်။ Self-driving ကားကို မူလက ၅−၇ နှစ်အတွင်း အချိန်ယူရမယ်လို့ သတ်မှတ်ခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ၄ နှစ်အတွင်း ဖြန့်ချိနိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့် လာမယ့် ၂၀၂၅ ခုနှစ်မှာ ကုမ္ပဏီအနေနဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ကားကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်မလားဆိုတာ သံသယဖြစ်စရာအခြေအနေမှာပဲ ရှိနေပါသေးတယ်။ ဒါ့အပြင် Apple ဟာ သူ့ရဲ့ထုတ်လုပ်မှုအခြေစိုက်စခန်းတွေကို US ကလွဲရင် ဘယ်နေရာမှာထားမလဲဆိုတာပေါ်မှာလည်း မူတည်နေပါသေးတယ်။ ကုမ္ပဏီအနေနဲ့ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေကို လက်ခံမှာမဟုတ်ဘူးလို့တော့ သိရပါတယ်။

Ref: Gizchina