Xiaomi က Redmi 6A ပေါက်ကွဲမှုကြောင့် အိန္ဒိယ နိုင်ငံ နယူးဒေလီက အမျိုးသမီး ၁ ဦး သေဆုံးတယ်ဆိုတဲ့ ကိစ္စကို စုံစမ်းမယ်လို့ ကြေညာလိုက်ပါတယ်။ အမျိုးသား ၁ ယောက်က စက်တင်ဘာလ ၉ ရက်နေ့မှာ Redmi 6A ပေါက်ကွဲမှုကြောင့် သူ့ရဲ့ အဒေါ် သေဆုံးသွားတယ်လို့ တွစ်တာမှာ ပို့စ်တင်ပြီးနောက် Xiaomi က အခုလို ကြေညာလိုက်တာပါ။ ကုမ္ပဏီက သုံးစွဲသူတွေ အန္တရာယ်ကင်းစေဖို့ဟာ အရေးအကြီးဆုံး ဖြစ်ပြီး သေဆုံးသွားတဲ့ သူရဲ့ မိသားစုနဲ့ ဆက်သွယ်ကာ အကြောင်းအရင်းကို စုံစမ်းမယ်လို့ ပြောပါတယ်။
အဲဒီ အမျိုးသားရဲ့ တွစ်တာက ပို့စ်မှာ ပေါက်ကွဲသွားတဲ့ Redmi 6A နဲ့ သွေးအိုင်ထဲလဲနေတဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။ သူက အဲဒီ ဖြစ်ရပ်အတွက် တာဝန်ယူဖို့ Xiaomi ကို တောင်းဆိုခဲ့ပါတယ်။ သူက အဒေါ် ဖြစ်သူဟာ များသောအားဖြင့် သူမ စမတ်ဖုန်းကို ဖုန်းပြောဖို့နဲ့ YouTube ကြည့်ဖို့ အသုံးပြုပြီး အခု ပေါက်ကွဲမှုဟာ ဖုန်း ဘက်ထရီကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
At Xiaomi India, customer safety is of utmost importance and we take such matters extremely seriously. At this point, our team is trying to get in touch with the affected family, and determine the cause of the incident. (1/2)
— Xiaomi India Support (@MiIndiaSupport) September 9, 2022
Xiaomi က စုံစမ်းမယ့် သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပေမယ့် ဘာ့ကြောင့် ပေါက်ကွဲမှု ဖြစ်သလဲဆိုတာကို ထုတ်ပြန်ကြေညာမှာ သေချာပါတယ်။ ကုမ္ပဏီက ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို တိတိကျကျ စစ်ဆေးဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ Xiaomi က စုံစမ်းစစ်ဆေးမယ့် အချိန်ကာလကို မပြောသေးပါဘူး။
စမတ်ဖုန်း ပေါက်ကွဲမှု သတင်းတွေ အရင်ကလည်း ကြားသိခဲ့ရပါတယ်။ စမတ်ဖုန်းတွေမှာ တပ်ဆင်ထားတဲ့ ဘက်ထရီတွေဟာ အခန့်မသင့်ရင် အခုလို မီးလောင်ကျွမ်း ပေါက်ကွဲတာတွေ ဖြစ်တတ်တာကို သတိချပ်စေလိုပါတယ်။
Ref : gizmochina