ပူတင်ရဲ့ ယူကရိန်းကို ကျူးကျော်စစ်ပြုမှုဟာ ဥရောပတိုက်ကြီးတစ်ခုလုံးကိုပါ ခြိမ်းခြောက်နေတဲ့ အခြေအနေ တစ်ရပ်ကို ဖြစ်ပေါ်စေပါတယ်။ ယူကရိန်းအရေးရဲ့ ရိုက်ခတ်မှုအဖြစ် ဥရောပရဲ့ စီးပွားရေးအခြေအနေကို မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။

တစ်ဖက်မှာလည်း ရုရှားဟာ ယူကရိန်းကို ကျူးကျော်လိုက်တာကြောင့် ကမ္ဘာ့အလယ်မှာ ပိုပြီးအထီးကျန်လာရသလို နည်းပညာလောကနဲ့လည်း အရင်ကလောက် နီးကပ်မှုမရှိတော့တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် Apple ဟာ ရုရှားဈေးကွက်ကနေ ထွက်ခွာသွားပြီးတဲ့နောက် iPhone 14 ကို အဆိုပါဈေးကွက်မှာ တရားဝင်ပွဲထုတ်လာဖွယ်မရှိတာပဲ ဖြစ်ပါတယ်။

တရားဝင်မဟုတ်ပေမဲ့ ရုရှားမှာလည်း iPhone 14 ကို အသုံးပြုနိုင်ပါတယ်။ ဖြေရှင်းနည်းကတော့ လက်လီဆိုင်တွေက သီးသန့်ဝယ်ယူပြီး ပြန်လည်ရောင်းချကြတာ ဖြစ်ပါတယ်။ ဒီအတွက် မြင့်မားတဲ့ ပရီမီယံကြေးကို ပိုပေးရပြီး သာမန်ထက်ဈေးနှုန်းပိုမြင့်သွားမှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Samsung ကတော့ ရုရှားဈေးကွက်ကို ပြန်ပြီးဝင်ရောက်ဖွယ်ရှိတယ်လို့ Reuters က ဖော်ပြလာပါတယ်။ မူရင်းသတင်းရင်းမြစ်က ရုရှားသတင်းဌာနတစ်ခုဖြစ်ပြီး Samsung ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ရုရှားဈေးကွက်အတွင်း သူ့ရဲ့ထုတ်ကုန်တွေကို ပြန်ပြီးရောင်းချလာနိုင်တယ်လို့ အခိုင်အမာရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

Apple ကို နမူနာအနေနဲ့ကြည့်ရမယ်ဆိုရင်တော့ နောက်ဆုံးပေါ်နည်းပညာထုတ်ကုန်တွေဟာ သူတို့ကိုအလိုရှိတဲ့သူတွေဆီ တစ်နည်းနည်းနဲ့တော့ ရောက်သွားကြတယ်ဆိုတဲ့ သင်ခန်းစာကို ရရှိပါလိမ့်မယ်။ ဒီတော့ Samsung အနေနဲ့ ရုရှားဈေးကွက်မှာ သူ့ထုတ်ကုန်တွေရောင်းချဖို့ ငြင်းပယ်တာဟာ အကျိုးသက်ရောက်မှုရှိရဲ့လားဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် Samsung အနေနဲ့ ၆ လအကြာမှာ စွန့်ခွာပြီးသားဈေးကွက်ကို ပြန်လည်ဝင်ရောက်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းက ဖြစ်နိုင်ခြေရှိတယ်လို့ပဲ ကောက်ချက်ချရမှာပါ။ ရုရှားလူမျိုးတွေအနေနဲ့လည်း ယူကရိန်းအရေးကြောင့် နောက်ဆုံးပေါ်နည်းပညာနဲ့ ကောင်းမွန်တဲ့စမတ်ဖုန်းတွေကို ငြင်းပယ်မှာမဟုတ်တာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Ref: Phone Arena