5G ပြီးနောက် နောက်မျိုးဆက် ဆက်သွယ်ရေးက 6G မဟုတ်ဘဲ ဂြိုလ်တု အခြေပြု စာပို့တဲ့ စနစ် ဖြစ်လာတဲ့ပုံပေါ်ပါတယ်။ Apple က ဂြိုလ်တု အခြေပြု SOS နဲ့ တည်နေရာမျှဝေတဲ့ စနစ်ကို iPhone မှာ ထည့်သွင်းပေးထားပါတယ်။ အခုတော့ ဗြိတိန် ကုမ္ပဏီ Bullitt က ဂြိုလ်တု ဆက်သွယ်ရေးနဲ့ စာပေးပို့နိုင်တဲ့ ပထမဆုံး စမတ်ဖုန်းကို ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။
Apple ရဲ့ ဂြိုလ်တု အခြေပြု SOS နဲ့ မတူညီတာက Bullitt ရဲ့ စနစ်က ဂြိုလ်တုနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းဟာ ရိုးရိုး ဆယ်လ်လူလာ ကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းဆီ စာပေးပို့နိုင်တာပါ။ Apple ရဲ့ စနစ်ဟာ နည်းလမ်း ၂ ခုနဲ့ Emergency Services နဲ့ ဆက်သွယ်နိုင်ပြီး တည်နေရာမျှဝေတာက ၁ နည်း ဖြစ်ပါတယ်။
Bullitt ဟာ ဒီစီမံကိန်းအတွက် MediaTek နဲ့ ပူးပေါင်း အလုပ်လုပ်နေတာ ၁၈ လကြာပါပြီ။ ဒီနှစ် အစောပိုင်းမှာ MediaTek က NTN Modem (Non-Terrestrial Network) ကို စမ်းသပ်ခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းက ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။
Bullitt ရဲ့ ဖုန်းဟာ ၁၀ စက္ကန့်အတွင်း ဂြိုလ်တုနဲ့ ဆက်သွယ်ကာ စာပေးပို့နိုင်မှာပါ။ ဆယ်လ်လူလာနဲ့ ဝိုင်ဖိုင် မရတဲ့အခါမှာ ဂြိုလ်တု ဆက်သွယ်ရေးကို အလိုလို ပြောင်းလဲနိုင်ပါတယ်။ လက်ရှိမှာ ဂြိုလ်တု အခြေပြု စာပို့တဲ့ စနစ်အကြောင်း အသေးစိတ်ကို မသိရသေးပါဘူး။
Bullitt က ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ ပထမဆုံး ဖုန်းကို နောက်နှစ် ပထမ ၃ လအတွင်း ရောင်းမယ်လို့ ပြောပါတယ်။ Emergency Messaging ကို ၁ နှစ် အခမဲ့ သုံးနိုင်မှာ ဖြစ်ပြီး ဖုန်း တန်ဖိုးကို မသိရသေးပါဘူး။
Ref : gsmarena