ဘက်ပေါင်းစုံကနေ လှည့်ပြီး ပိတ်ပင်တားဆီးနေတဲ့ အမေရိကန်ကြောင့် Huawei ဟာ သူ့ရဲ့ ကိုယ်ပိုင် Chipset တွေ၊ Qualcomm ရဲ့ 5G တွေကို အသုံးမပြုနိုင်ဘဲ ဖြစ်နေပါတယ်။ nova 9 SE mid-ranger အပါအဝင် သူ့ရဲ့နောက်ဆုံးပေါ်ဖုန်းတွေအားလုံးမှာ 4G version Qualcomm SoC တွေပဲ အသုံးပြုနေရတာ ဖြစ်ပါတယ်။

အခုတော့ ပုံစံတစ်မျိုးနဲ့ အသုံးပြုနိုင်အောင် ကြံစည်နေပြီလားလို့ စောင့်ကြည့်ရတော့မှာပါ။ အကြောင်းက WIKO အမှတ်တံဆိပ်ဟာ တရုတ်ပြည်ဈေးကွက်ထဲကို 5G version စမတ်ဖုန်းနဲ့အတူ စတင်ဝင်ရောက်နေလို့ပဲ ဖြစ်ပါတယ်။ WIKO ဟာ တရုတ်မိုလ်ဘိုင်းဖုန်းထုတ်လုပ်သူ Tinno Mobile က အပြည့်အဝပိုင်ဆိုင်တဲ့ ပြင်သစ်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဥရောပမှာတော့ အဓိကအားဖြင့် ပြင်သစ်ကုမ္ပဏီအဖြစ်ပဲ လူသိများပါတယ်။

WIKO ဟာ သူ့ရဲ့ ပထမဆုံး Device ကို WIKO 5G လို့ နာမည်ပေးထားပေမဲ့ တကယ်တမ်းတော့ Huawei nova 9 SE ကို 5G version နဲ့ ထုတ်ထားသလိုပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Huawei nova 9 SE နဲ့ WIKO 5G ကြားက ကွာခြားချက်ဟာ အတော်လေးကို ကျဉ်းမြောင်းနေလို့ပဲ ဖြစ်ပါတယ်။ ပြောရရင်တော့ အရောင်နဲ့ ဒီဇိုင်းလောက်ပဲ ကွာတာမျိုးပါ။

WIKO 5G မှာ Qualcomm Snapdragon 695 chipset ကိုသုံးထားပြီး 5G ထောက်ပံ့မှုလည်း ပါဝင်ပါတယ်။ 6.78-inch 1080 x 2388 120Hz LCD touch screen ဟာ 270Hz touch sampling rate နဲ့ဖြစ်ပြီး 8GB Ram, 128GB ဒါမှမဟုတ် 256GB storage ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပြီး 66W ကြိုးတပ်အားသွင်းစနစ် ပါဝင်တာကို တွေ့ရပါတယ်။

အနောက်ဖက်မှာ 108MP အဓိကကင်မရာ၊ 8MP Ultrawide, 2MP Marco Shooter နဲ့ 2MP Depth Sensor တို့ ပါဝင်ပါတယ်။ အရှေ့မှာတော့ 16MP selfie ကင်မရာကို တပ်ဆင်ထားပြီး အံ့အားသင့်စရာကောင်းတာကတော့ Huawei ရဲ့ HarmonyOS နဲ့ မောင်းနှင်တာ ဖြစ်ပါတယ်။

ဈေးနှုန်းက 128GB storage ဆိုရင် CNY 1,999 ($287) ဖြစ်ပြီး 256GB storage ဆိုရင်တော့ CNY 2,199 ($315) လို့ သိရပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာတော့ ရောင်းချနေပြီဖြစ်ပြီး တခြားနိုင်ငံတကာဈေးကွက်တွေမှာ ရောင်းမယ်၊ မရောင်းဘူးဆိုတာတော့ မသိရသေးတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena