Sony ဟာ လာမယ့် မေလ ၁၁ ရက်နေ့မှာ Flagship ဖုန်းအသစ်ကို မိတ်ဆက်တော့မယ်ဆိုပြီး ကြေညာလိုက်ပါပြီ။ အခု Sony ကနေ မိတ်ဆက်သွားမယ့်ဖုန်းကို တရားဝင်ပြောကြားခဲ့ခြင်းမရှိပေမယ့် Sony Xperia 1 V ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။
အဆိုပါ Sony Xperia 1 V ဖုန်းမိတ်ဆက်မယ့်အကြောင်းကို Sony ကနေ Teaser Video နဲ့ ကြေညာခဲ့တာဖြစ်ပြီး Video ထဲမှာ “The next ONE is coming” ဆိုတဲ့ စာသားနဲ့အတူ Camera ပိုင်းကို အဓိကထားပြီး ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ယခင် Sony Flagship ဖုန်းတွေလိုမျိုးပဲ Camera ပိုင်းကို အဓိကဦးစားပေးထားဖို့က သေချာနေပါပြီ။
Sony Xperia 1 V ဖုန်းဟာ အစောပိုင်းလတွေထဲက သတင်းတွေပေါက်ကြားခဲ့သလို ဒီဇိုင်းပိုင်းမှာလည်း ယခင် Xperia 1 IV နဲ့ ဆင်တူတဲ့ ဒီဇိုင်းကိုပဲ ဆက်လက်အသုံးပြုလာမယ်လို့ သိရပါတယ်။
Specification အနေနဲ့ကတော့ Qualcomm Snapdragon 8 Gen 2 Chipset အပြင် Camera ပိုင်းမှာ Triple Camera Setup ပါဝင်မှာဖြစ်ပြီး 12MP Main Sensor ၊ 12MP Periscope Telephoto Sensor နဲ့ 48MP Ultrawide Sensor တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။
အခု Sony Xperia 1 V ဖုန်းကို စိတ်ဝင်စားတယ်ဆိုရင် Launch Event ကို မေလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ Sony Xperia YouTube Channel မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Sony Xperia Flagship ဖုန်းတွေဟာ ပုံမှန်အားဖြင့် Camera ပိုင်း နည်းပညာအသစ်တွေပါဝင်တတ်တာကြောင့် အခု Xperia 1 V ကလည်း ကင်မရာအကောင်းဆုံး Flagship ဖုန်းဖြစ်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – GSM Arena