Volkswagen ရဲ့ Microbus ကားဟာ ယခင်နှစ်တွေတုန်းက အောင်မြင်မှုရရှိခဲ့တဲ့ ကားတစ်စီးဖြစ်ပါတယ်။ အခုလည်း Volkswagen ကနေ အဆိုပါ Microbus ပုံစံမျိုးနဲ့ ID. Buzz အမည်ရှိ လျှပ်စစ်ကားကို မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ ID. Buzz လျှပ်စစ်ကားရဲ့ ထူးခြားချက်က Van အမျိုးအစားဖြစ်တာကြောင့် လူအများအပြားကို သယ်ဆောင်နိုင်မှာဖြစ်ပြီး ထိုင်ခုံ ၃ တန်းပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကားအရွယ်အစားကြီးမားတာကြောင့် Battery ပါဝင်မှုကလည်း ပိုမိုများပြားပါတယ်။

Volkswagen ID. Buzz လျှပ်စစ်ကားဟာ ကြီးမားတဲ့ 91kWh Battery ပါဝင်မှာဖြစ်ပြီး စွမ်းဆောင်ရည်အနေနဲ့ မြင်းကောင်ရေ ၂၈၂ ကောင်အထိ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ မိုင်နှုန်းအနေနဲ့လည်း တစ်နာရီကို ၉၉ မိုင်အထိ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။ Volkswagen က တစ်ကြိမ်အားသွင်းပြီး သွားလာနိုင်မယ့် အကွာအဝေးကို ကြေညာထားခြင်းမရှိသေးပေမယ့် စွမ်းဆောင်ရည်ပိုကောင်းမယ့် မြင်းကောင်ရေ ၃၃၀ အား Dual-motor Version ကိုလည်း ရွေးချယ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

အတွင်းပိုင်းမှာလည်း လျှပ်စစ်ကားတစ်စီးဖြစ်တာကြောင့် နည်းပညာမြင့်မားပြီး ရှင်းလင်းလှပတဲ့အတွင်းခန်းကို ပိုင်ဆိုင်ထားမှာဖြစ်ပါတယ်။ 5.3″ Digital Instrument Cluster အပြင် 12.9″ Infotainment Display ပါဝင်မှာဖြစ်ပြီး USB-C Port ၈ ခုအထိ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် 110V Outlet ၊ 12V Port တွေနဲ့ 14-Speaker Harman Kardon Audio တွေကိုပါ အဆင့်မြှင့်တင်နိုင်မယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Volkswagen ID. Buzz လျှပ်စစ်ကားကို ဒေါ်လာ ၈ သောင်းဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref – Engadget