DARPA က ကမ္ဘာအဝန်းမှ အမေရိကန် စစ်တပ်အတွက် လေဆာနဲ့ ကြိုးမဲ့ လျှပ်စစ်ဓါတ်အား ပို့လွှတ်တဲ့ နည်းပညာကို တီထွင်နေပါတယ်။ အဲဒီလို ပို့လွှတ်တဲ့ နည်းပညာကို ဘယ်နည်းလမ်းနဲ့မှ ဟန့်တားလို့ မရအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။
အဲဒီ စီမံကိန်းကို Popular Mechanics က ရေးသားထားတာ ဖြစ်ပြီး ကမ္ဘာအဝန်းမှာ လျှပ်စစ်ဓါတ်အားကို ကြိုးမဲ့ ပေးပို့နိုင်တဲ့ လေဆာ နည်းပညာကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က Nikola Tesla ရဲ့ အိပ်မက် ဖြစ်ပါတယ်။
DARPA က ဒီနည်းပညာကို POWER (Persistent Optical Wireless Energy Relay) လို့ အမည်ပေးထားပြီး အောင်မြင်ခဲ့ရင် ရန်သူတွေက ဟန့်တားပိတ်ဆို့နိုင်တဲ့ ဒီဇယ်လို လောင်စာဆီတွေကို အမေရိကန် စစ်တပ်က မှီခိုစရာ မလိုတော့ဘဲ ကြိုးမဲ့ လျှပ်စစ်ဓါတ်အားကို ရရှိမှာ ဖြစ်ပါတယ်။
DARPA ဟာ POWER စီမံကိန်းကို သီအိုရီအရ သရုပ်ပြသပြီးပြီ ဖြစ်ပြီး တကယ် အကောင်အထည်ဖော်ဖို့ အမေရိကန် အစိုးရကို တင်ပြရဦးမှာ ဖြစ်ပါတယ်။ POWER ကို ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ၊ သုတေသနလုပ်ငန်းတွေနဲ့ လျှပ်စစ်ဓါတ်အားရဖို့ခက်ခဲတဲ့ တည်နေရာတွေကို ကြိုးမဲ့ လျှပ်စစ်ဓါတ်အား ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ လျှပ်စစ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းနိုင်တဲ့ အရင်းအမြစ်တွေကနေ ထုတ်လုပ်နိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မှာပါ။
Ref : interesting engineering