အထင်ကရ မူးယစ်ရာဇာကြီး ပါဘလို အက်စကိုဘာ သေဆုံးပြီး ၂၆ နှစ်အကြာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Pablo Escobar Fold 1 လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်း ထွက်လာပါတယ်။ ၃၄၉ ဒေါ်လာ (၅ သိန်းဝန်းကျင်) ပဲရှိတဲ့အတွက် ဈေးအပေါဆုံး Foldable ဖုန်းဖြစ်လာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Samsung Galaxy Fold နဲ့ အရမ်းတူတဲ့ Escobar Fold 2 ကို ကြေညာလိုက်ပြီး ၃၉၉ ဒေါ်လာပဲရှိပါတယ်။ မြန်မာငွေ ၅ သိန်း ၈ သောင်းလောက်ရှိပြီး သိန်း ၃၀ လောက်ရှိတဲ့ Galaxy Fold ထက် အများကြီး ဈေးချိုနေပါတယ်။
Escobar Fold 2 ရဲ့ အပြင်ဘက်မှာ ၄.၆ လက်မ မျက်နှာပြင်နဲ့ ဖြန့်လိုက်ရင် အတွင်းဘက်မှာ ၇.၃ လက်မ မျက်နှာပြင် ပါပါတယ်။ မျက်နှာပြင်ရဲ့ ညာဘက်အထက်က Cutout မှာ ဆဲလ်ဖီး ကင်မရာတွေ တပ်ဆင်ထားပြီး 8MP နဲ့ 10MP တွေ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါလာပြီး 12MP Wide-angle , 12MP Telephoto နဲ့ 16MP Ultra-wide တွေ ဖြစ်ပါတယ်။
Ref : gizmochina