Motorola Razr 2019 ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ကြေညာခဲ့တာပါ။ မိုလ်ဘိုင်းဖုန်းခေတ်ဦး ခေါက်ဖုန်းဒီဇိုင်းကို ခေတ်မီ Foldable မျက်နှာပြင်နဲ့ပေါင်းစပ်လိုက်တာကြောင့် လူကြိုက်များခဲ့ပြီး အကြိုမှာယူမှုတွေလည်း များပြားခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီကလည်း ကုန်ပစ္စည်းပို့ဆောင်ပေးမယ့်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

မနေ့ကအထိတော့ Motorola Razr 2019 ကို Noir Black အရောင်နဲ့ပဲ တွေ့မြင်ဖူးကြတာပါ။ အခုတော့ ဒီ Clamshell foldable ဟာ နောက်ထပ် အရောင်သစ်တစ်မျိုး ရှိလာဦးမယ်လို့ သိရပါတယ်။ ဒီအရောင်သစ်နဲ့ပတ်သက်တဲ့ Render တွေလည်း ပေါ်ထွက်လာပါတယ်။ ဒီသတင်းကို သယ်ဆောင်လာတာကတော့ Evleaks ပါပဲ။

Evleaks က တွစ်တာပေါ်မှာ Motorola Razr 2019 ရဲ့ ရွှေရောင်ဒီဇိုင်းသစ်ကို မျှဝေခဲ့ပါတယ်။ ရွှေရောင်ဒီဇိုင်းဟာ Gold နဲ့ Light copper ကို ရောစပ်ထားတဲ့ ကြားကအရောင်လို့ ပြောနိုင်မယ်ထင်ပါတယ်။ Render မဟုတ်ဘဲ ပြင်ပမှာ ဘယ်လိုမြင်ရမလဲဆိုတာ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။

ရွှေရောင်ကိုယ်ထည်ဟာ ဟန်းဆက်တစ်ခုလုံးရဲ့ တစ်ဝက်ပဲရှိတာဖြစ်ပေမယ့် အတော်လေးကို လိုက်ဖက်ညီတဲ့ အရောင်တွဲစပ်မှုလို့ ဆိုရပါလိမ့်မယ်။ ဒီ Render ကိုမြင်ရတာဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက Italian fashion house Dolce & Gabbana နဲ့ လက်တွဲပြီး ပြုလုပ်ခဲ့တဲ့ Limited edition gold Razr V3i ကို အမှတ်ရစေပါတယ်။ အခုလည်း အလားတူ ခြေလှမ်းမျိုးလှမ်းလာနိုင်တာပါ။

Motorola ဟာ Razr 2019 ကို 5G ဗားရှင်းလည်း ထုတ်ဦးမယ်လို့ သိရပါတယ်။ Razr 2019 မှာ Snapdragon 710 Chipset ကိုသာအသုံးပြုထားပေမယ့် 5G ဗားရှင်းမှာတော့ Snapdragon 765G ဒါမှမဟုတ် MediaTek Dimensity လိုမျိုး Chipset ကို ပြောင်းလဲအသုံးပြုလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ Motorola Razr 2019 5G ဗားရှင်းနဲ့ပတ်သက်ပြီး ဘာမှမပြောထားသေးပါဘူး။

Ref: GSM Arena