COVID-19 ဖြစ်ပွားမှုဟာ ကမ္ဘာတစ်ဝန်းက စီးပွားရေးလုပ်ငန်းတွေအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီထဲမှာ နည်းပညာကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ ဒီကပ်ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုတွေ ရပ်တန့်ခဲ့ရပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်တွေလည်း အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။
ကုမ္ပဏီအချို့ကတော့ သူတို့ရဲ့ စမတ်ဖုန်းတွေကို Online ကတစ်ဆင့် မိတ်ဆက်ရောင်းချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အချို့ကုမ္ပဏီတွေကလည်း လမ်းကြောင်းပေါ်ရောက်နေတဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ပြန်ပြီးပုံမှန်အတိုင်းလည်ပတ်နိုင်အောင် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ရဲ့ ဆောင်းဦးရာသီမှာ မိတ်ဆက်မယ့် iPhone တွေကတော့ နောက်ကျလာနိုင်တယ်လို့ Bloomberg က သုံးသပ်ပြောဆိုခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဆောင်းဦးရာသီမှာ မိတ်ဆက်မယ့် iPhone တွေကို မေလဝန်းကျင်လောက်မှာ အလုံးအရင်းလိုက် ထုတ်လုပ်လေ့ရှိတာပါ။
ကောလာဟလအရ iPhone 9 ဟာ ဒီလမှာကြေညာမယ်ဆိုပေမယ့် အလုံးလိုက်အရင်းလိုက်ထုတ်လုပ်ရမယ့်အချိန်မှာ ကပ်ရောဂါကြောင့် စက်ရုံတွေပိတ်ခဲ့ရပြီး ထုတ်လုပ်မှုလုပ်ငန်း အနှောင့်အယှက် ဖြစ်ခဲ့ရတာကြောင့် မိတ်ဆက်ချိန် နောက်ကျမယ်ဆိုတာပါပဲ။ အထူးသဖြင့် ထောက်ပံ့ရေးကွင်းဆက်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာ ဖြစ်ပါတယ်။
ဖြစ်နိုင်ခြေရှိတာက Apple ရဲ့ ထုတ်ကုန်သစ်တွေအတော်များများဟာ ဈေးကွက်ရောက်ချိန် နောက်ကျလာတာမျိုးပါ။ ဒါပေမယ့် ဒီနှစ်အတွက် 5G iPhone ထုတ်လုပ်မှုဟာ မူလအစီအစဉ်အောက်မှာ ရှိနေတုန်းလို့ ဆိုရမှာပါ။ အကြောင်းက တရုတ်နိုင်ငံဟာ COVID-19 ကို ထိန်းချုပ်နိုင်ခဲ့ပြီး စက်ရုံတွေမှာလည်း လုပ်ငန်းခွင်ပြန်ဝင်တဲ့ လုပ်သားဦးရေက အပြည့်အဝနီးပါး ရှိလာလို့ပဲ ဖြစ်ပါတယ်။
တစ်ဘက်က ပြန်ကြည့်မယ်ဆိုရင် မေလရောက်ဖို့ အချိန်အနည်းငယ် ကျန်နေပါသေးတယ်။ ဒီကြားထဲမှာ အရာရာ ပြန်ပြီးတည်ငြိမ်သွားမယ်၊ ပုံမှန်အတိုင်းပြန်ဖြစ်သွားမယ်ဆိုရင်တော့ Apple လည်း မူလအစီအစဉ်အတိုင်း ဆက်သွားနိုင်မှာပါ။ ဒါကြောင့် ဘာတွေဖြစ်လာမလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Ref: GSM Arena